ကမ္ဘာကြီး အရေးပေါ်အခန်းထဲ ရောက်နေပြီ
မျက်မှောက်ခေတ် ကမ္ဘာကြီးကို အာကာသမှ ကြည့်လိုက်ပါက အရောင်အသွေး စုံလင်လှပနေသော်လည်း အတွင်း၌မူ အကျည်းတန်လှသော အမှောင်ထုများဖြင့် အဆိပ်သင့်နေသည့် နာမကျန်းစစ်စစ် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အဆောက်အအုံသည် အပေါ်ယံတွင် တိုးတက်မှု ကိန်းဂဏန်းများနှင့် နည်းပညာဆန်းသစ်မှုများဖြင့် ဟန်ရေးပြနေသော်လည်း အခြေခံလူတန်းစားများအတွက်မူ နေ့စဉ်ရုန်းကန်လှုပ်ရှားရသည့် ဘဝများမှာ တဖြည်းဖြည်း ပိုမိုကျပ်တည်းလာပြီး မတည်ငြိမ်မှုလှိုင်းတံပိုးများကြားတွင် လူးလွန့်နေရသည်။
အထူးသဖြင့် ဆန်းသစ်လှပါသည်ဆိုသော Artificial Intelligence (AI) နည်းပညာ တိုးတက်မှုများနှင့် စက်မှုတော်လှန်ရေးအသစ်များ၏ နောက်ကွယ်တွင် စစ်မှန်သော လူသားဆန်မှုများ ပျောက်ဆုံးနေပြီး၊ ထိုနည်းပညာများအတွက် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တု (Rare Earth) ကဲ့သို့သော သယံဇာတများကို မတရားလုယူ ခေါင်းပုံဖြတ်ရန် ကြိုးပမ်းမှုများက ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအာဏာလုပွဲကို ပိုမိုရက်စက်ကြမ်းကြုတ်စေသည်။
ဤမတည်ငြိမ်မှုများ၏ နောက်ကွယ်တွင် ခေတ်ဦးကမ္ဘာဦးကဲ့သို့ "အင်အားကြီးသူက အနိုင်ယူစတမ်း" ဆိုသည့် တောရိုင်းတိရစ္ဆာန်တို့၏ ဥပဒေသသည် ပုံစံအသစ်ဖြင့် ပြန်လည်အသက်ဝင်လာသည်။ အားနည်းသူကို ကာကွယ်ရမည်ဟူသော စာနာစိတ်များ ပျောက်ကွယ်ပြီး ဓားမိုးအနိုင်ကျင့်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကိုပင် အောင်မြင်မှုပုံစံတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြလာကြသည့် အခြေအနေသည် ယနေ့ခေတ်၏ ရင်နာစရာကောင်းသော အမှန်တရား ဖြစ်သည်။
လူမှုပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်လျှင်လည်း စိတ်နှလုံးကို အေးချမ်းစေရမည့် ဘာသာရေးတရားများသည် အမုန်းတရား စိုက်ပျိုးရာ လက်နက်များအဖြစ် အသွင်ပြောင်းလဲလာပြီး လူသားအချင်းချင်း နယ်ပယ်ခွဲခြားမှု၊ ရန်လိုမှုများကို အရှိန်မြှင့်တင်ပေးနေသည်။ သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းကို ထိန်းကျောင်းပေးခဲ့သော အချစ်ရေး၊ အိမ်ထောင်ရေးနှင့် လူမှုရေးဆိုင်ရာ စံနှုန်းများသည်လည်း အဖိုးတန်မှု ပျောက်ဆုံးကာ ပြိုပျက်ကျဆင်းလာခဲ့ပြီ ဖြစ်သည်။
စစ်မှန်သော သံယောဇဉ်နှင့် တာဝန်ယူမှုတို့ထက် တစ်ကိုယ်ကောင်းဆန်မှုနှင့် အပေါ်ယံအကျိုးအမြတ်များကိုသာ ရှေ့တန်းတင်လာကြသည်။ ပို၍စိုးရိမ်စရာကောင်းသည်မှာ ယခင်က လူ့အဖွဲ့အစည်းက ကွယ်ဝှက်ထားလေ့ရှိပြီး ရှုတ်ချလေ့ရှိသည့် လူသားတို့၏ နက်မှောင်သော စရိုက်လက္ခဏာများ (Dark Sides) သည် ယခုအခါ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ ပေါ်ပေါ်ထင်ထင် နေရာယူလာခြင်း ဖြစ်သည်။ ယင်းအမှောင်ဘက်ခြမ်းများကို ပိတ်ဆို့တားဆီးမည့်အစား အုပ်စုဖွဲ့ ပူးပေါင်းဆောင်ရွက်လာကြပြီး ယင်းလုပ်ရပ်များကိုပင် တိုးတက်ပွင့်လင်းသောအမြင်၊ အများအမြင်တွင် တင့်တယ်လှပသော လူနေမှုပုံစံသစ်တစ်ခုအဖြစ် အရှက်အကြောက်မရှိ ပုံဖော်ဖန်တီးလာကြသည်။
အဆိုးဆုံးမှာ "အချစ်နှင့် စစ်ပွဲတွင် မတရားတာမရှိ" ဟူသော စကားစုကို ယနေ့ခေတ် Chips ပြိုင်ပွဲများနှင့် နည်းပညာလွှမ်းမိုးရေး စစ်ပွဲများအထိ အသုံးချကာ မိမိတို့အကျိုးစီးပွားအတွက် အခြားသူများကို နင်းခြေခြင်းသည် သဘာဝကျလှသည်ဟု ဆိုလာကြခြင်း ဖြစ်သည်။
ထိုသို့ "မတရားတာမရှိတော့ပါ" ဟု ကမ္ဘာကြီးက လက်ခံကျင့်သုံးလာသည့် အကျိုးဆက်ကို ယနေ့ စစ်သလင်းမြေပြင်က ကလေးငယ်များ၏ အသက်ပေါင်းများစွာဖြင့် ပေးဆပ်နေရသည်။ ပါလက်စတိုင်းမြေမှ မဆုံးနိုင်သော သွေးချောင်းစီးမှုများ၊ မြန်မာ့ပြည်တွင်းစစ်ဒဏ်ကြောင့် အိုးအိမ်မဲ့ အသက်ပျောက်နေရသည့် မိဘပြည်သူများနှင့် ကလေးငယ်များ၏ ဘဝများ၊ လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် အပယ်ခံဖြစ်နေရသည့် ရိုဟင်ဂျာတို့၏ ကြေကွဲစရာ ကံကြမ္မာများသည် ယနေ့ကမ္ဘာကြီးတွင် တရားမျှတမှု လုံးဝကွယ်ပျောက်နေပြီဖြစ်ကြောင်း သက်သေပြနေသည့် သွေးစွန်းသော သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဗင်နီဇွဲလာ၊ အီရန်၊ လက်ဘနွန်နှင့် ယူကရိန်းတို့တွင် ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး ပဋိပက္ခများနှင့် ကျူးကျော်စစ်များသည် အမှန်တရားကို ဖုံးကွယ်ကာ ကျူးကျော်သူတို့၏ လုပ်ရပ်ကပင် တရားသလိုလို ဖြစ်နေသည့် ခေတ်ပျက်ကြီးအသွင်ကို ဆောင်နေသည်။
နိုင်ငံကြီးအချို့သည် အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးကို အရှက်အကြောက်မရှိ ပေါ်ပေါ်ထင်ထင် စွက်ဖက်ကျူးကျော် စော်ကားလာကြပြီး၊ ထိုသို့ ကျူးကျော်လိုသည့် ရည်ရွယ်ချက်နှင့် အတ္တစွဲစိတ်ဓာတ်များကို ကမ္ဘာ့အလယ်တွင် ရဲရဲဝံဝံ ထုတ်ပြန်ကြေညာဝံ့သည်အထိ သိက္ခာမဲ့မှုများ ဖြစ်ထွန်းနေခြင်းမှာ အော့နှလုံးနာစရာပင်ဖြစ်သည်။
တရားမျှတမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဟူသော စကားလုံးများသည် ဟန်ပြစာတမ်းများပေါ်တွင်သာ ကျန်ရစ်ခဲ့ပြီး၊ လက်တွေ့တွင်မူ အင်အားအာဏာ လက်နက်အင်အားသာလျှင် အရာရာကို ဆုံးဖြတ်သည့် ခေတ်ဖြစ်နေသည်။ ယနေ့ကမ္ဘာကြီးသည် မိမိတို့၏ အမှားများကို အမှားဟု မမြင်ဘဲ၊ စည်းစိမ်အာဏာနှင့် အတ္တအတွက် အရာရာကို အရှက်သိက္ခာကင်းမဲ့စွာ ရယူပိုင်ဆိုင်နိုင်ခြင်းကိုသာ အောင်ပွဲဟု သတ်မှတ်နေကြသည့် အလွန်စိုးရိမ်ဖွယ်ရာကောင်းသော၊ ရောဂါကျွမ်းနေသော အထူးကြပ်မတ်ကုသဆောင်ထဲက လူနာတစ်ဦးကဲ့သို့ ဖြစ်တည်နေပေတော့သည်။
ယနေ့ကမ္ဘာကြီးတွင် အရာရာကို မသိကျိုးကျွန်ပြုကာ အသာနေလိုက်ပါက အသေနာမည့်နေ့သည် မိမိထံသို့ ရောက်ရှိလာလိမ့်မည်ကို မေ့မထားကြပါရန် ရင်လေးစွာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။"

No comments:
Post a Comment