၆-၄-၂၀၁၃ ရက်နေ့တွင် လွတ်လပ်သော မြန်မာမွတ်စလင်အဖွဲ့စုံ အလွှာစုံ၊ လူထုကိုယ်စားပြု အဖွဲ့ပေါင်းစုံ၏ “တော်ဝင်နှင်းဆီ တွေ့ဆုံဆွေးနွေးပွဲ” မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ( တက်ရောက်သူများ ဓါတ်ပုံပါပြီး )
ထိုကြေညာချက်၏ အဓိကအကြောင်းအရာမှာ—
“မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ညီလာခံ” တစ်ရပ် ကျင်းပရေးပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေထိုင်ကြသော အတိတ်တူ၊ နမိတ်တူ၊ ကံကြမ္မာတူ မြန်မာမွတ်စလင် လူ့အစုအဝေးအတွက် စိတ်တူ၊ သဘောတူ၊ ဆန္ဒတူသော မူဝါဒများ ချမှတ်နိုင်စေရန် ရည်ရွယ်သည်။ ဆိုလိုသည်မှာ မြန်မာမွတ်စလင် လူ့အစုအဝေး (အများစု) ၏ စုပေါင်းဆန္ဒသဘောထားကို ဖော်ထုတ်ခြင်းဖြစ်သည်။
ဤသဘောထားသည် မြန်မာမွတ်စလင်များအတွက် အကျိုးရှိစေရန် ဘာလုပ်သင့်သည်၊ မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ရှင်းလင်းပြတ်သားစွာ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ အစ္စလာမ်ဘာသာဝင်အားလုံးအကြား ဂိုဏ်စွဲ၊ အဖွဲ့အစည်းစွဲ၊ အစုအဖွဲ့စွဲ ကင်းသော ဘုံဆန္ဒသဘောထား ကြေညာချက်တစ်ရပ်၊ တနည်းအားဖြင့် Mandate တစ်ရပ် ချမှတ်ခြင်းဖြစ်သည်။
ဂိုဏ်စွဲ၊ အုပ်စုစွဲတို့ဖြင့် မြန်မာမွတ်စလင်များ၏ တူညီသော ဆန္ဒကို ထိန်းချုပ်လိုသူများအနေဖြင့် ဤသို့သော Mandate တစ်ရပ် ပေါ်ထွက်လာခြင်းကို မလိုလားနိုင်ကြောင်း ကြိုတင်သိထားရန် လိုပေမည်။
အစိုးရ (အာဏာပိုင်များ) နှင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံတို့အကြား ငြိမ်းချမ်းစွာ၊ အပြန်အလှန် လေးစားချစ်ခင်စွာ နေထိုင်လိုသူများအတွက်လည်း ရှင်းလင်းသော သဘေားထားတစ်ရပ် Message ဖြစ်သည့်အတွက် ထိုအုပ်စုများမှ ကြိုဆိုကြမည်ဖြစ်သည်။
အကြောင်းမှာ ယင်းကြေညာချက်သည် အများသိရှိစေရန် ထုတ်ပြန်ထားသောကြောင့် မြန်မာမွတ်စလင်များ၏ တိကျသော သဘောထားကို ပိုမိုရှင်းလင်းစေမည်ဖြစ်သည်။
ဒါဆိုလျှင် ဤကဲ့သို့သော ညီလာခံကို မည်သူများက ကန့်ကွက်တားဆီးလိုကြမည်နည်း။ ရှင်းပါသည်— မိမိတို့ လူ့အစုအဝေး၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး ၎င်းတို့၏ ဆန္ဒဖြင့် ခြယ်လှယ်လိုသူများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို မလိုလားသူများ၊ အဆိုးမြင်သဘောထားရှိသူများ ဖြစ်နိုင်သည်။
ညီလာခံတွင် ဆွေးနွေးနိုင်သော အကြောင်းအရာများကို ဥပမာအားဖြင့်—
(၁) မြန်မာမွတ်စလင်၏ အဓိပ္ပါယ်ဖွင့်ဆိုမှု
မြန်မာ-မွတ်စလင်၊ ပသီ သို့မဟုတ် အခြားအမည်တစ်ခုကို (နိုင်ငံသားဖြစ်မှုနှင့် မသက်ဆိုင်ဘဲ) အားလုံး၏ သဘောတူညီချက်ဖြင့် တိတိကျကျ သတ်မှတ်ရန် လိုအပ်သည်။ မဟုတ်ပါက မီဒီယာများမှ မသင့်လျော်သော အမည်ခေါ်ဝေါ်မှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မိမိတို့၏ အမည်နာမကို တရားဝင် သတ်မှတ်ခြင်းသည် အရေးကြီးသည်။
(၂) ဘာသာရေးဆိုင်ရာ ပညာရေး
အစ္စလာမ်ပညာရေးကို မြန်မာ-အာရဗီ ဖြင့် သင်ကြားနိုင်ပြီး မြန်မာ့ယဉ်ကျေးမှုတန်ဖိုးများကို လေးစားသိရှိစေသည့်အပြင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် နိုင်ငံချစ်စိတ်ကို တိုးတက်စေသည့် ပညာရေးစနစ် ဖြစ်ရမည်။
(၃) လူမှုရေးနှင့် ကျန်းမာရေး
လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက်လည်း ဘုံမူဘောင်များကို သဘောတူညီစွာ ချမှတ်ရန် လိုအပ်သည်။
အထက်ပါအချက်များသည် ဥပမာများသာဖြစ်ပြီး ညီလာခံကို အဆင့်လိုက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်—
ပထမအဆင့်တွင် ညီလာခံအတွင်း ဆွေးနွေးမည့် ခေါင်းစဉ်များ (ပညာရေး၊ ဘာသာရေး၊ အမည်နာမ၊ လူမှုရေး၊ ကျန်းမာရေး စသည်) ကို သတ်မှတ် အတည်ပြုခြင်း။
ဒုတိယအဆင့်တွင် ခေါင်းစဉ်အလိုက် အဖွဲ့များ ဖွဲ့စည်း၍ အခြေခံသဘောထားများ ချမှတ်ခြင်း။
တတိယအဆင့်တွင် အဖွဲ့များမှ တင်ပြလာသော သဘောထားများကို ညီလာခံတွင် ဆွေးနွေး၍ အတည်ပြုခြင်း။
နောက်ဆုံးတွင် အတည်ပြုချက်များကို မြန်မာမွတ်စလင် (သို့မဟုတ် သဘောတူညီထားသော အမည်နာမတစ်ခု) ၏ စုပေါင်း Mandate အဖြစ် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ထိုသို့သော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်စေရန် အထက်ပါ လွတ်လပ်သော အစ္စလာမ်ဘာသာ အဖွဲ့ပေါင်းစုံ၏ သဘောထားကြေညာချက်အား အကောင်အထည်ဖော်ရန် ကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့ဖြစ်သော ဧပြီလ ၇ ရက်နေ့တွင် ၁၂၉ ဆိပ်ကမ်းသာလမ်း၌ Unity for Peace အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက် အကောင်အထည်ဖော်မှုများ ရပ်တန့်သွားခဲ့သည်။
သို့သော် အစ္စလာမ်ဘာသာ အဖွဲ့ပေါင်းစုံ၏ သဘောထားကြေညာချက်ဖြစ်သော “မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ညီလာခံ ကျင်းပရေး” ဆိုသည့် Mandate သည် လက်ရှိ မြန်မာမွတ်စလင်များအတွက် သမိုင်းပေးတာဝန်တစ်ရပ်ဟု ထင်မြင်မိသည်။
အောင်မျိုးလွင် @ အဂ္ဂ







.jpg)
No comments:
Post a Comment