Search This Blog ရှာရန်

Tuesday, April 21, 2026

ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှု



ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှု
=====================



ဘဝမှာ ၂ ကြိမ်တိုင် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် နေရာသို့ ရောက်ရှိခဲ့ဖူးပါသည်။
ပထမတစ်ခုကတော့ ၁၉၈၇ ခုနှစ်၊ ကျွန်တော့်ဖခင် ဦးစိန်လွင်၊ ဗိုလ်မှူးမြင့်လွင်နှင့် ကိုငွေစိုးတို့ဟာ ပုလဲကျွန်းဘက်သို့ ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း အထူးရေယာဉ်ဖြင့် ကိုရီးယားမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသည့် Dongwon Fishing သင်္ဘောသို့ သွားရောက်ခဲ့ပါသည်။
ထိုသို့ မြန်မာ့ပင်လယ်ပြင်သို့ ရောက်ရှိနေစဉ် Korean Air Flight 858 သည် ကျွန်တော်တို့ရှိနေသည့် မြန်မာ့ပင်လယ်ပြင်တွင် ပျက်ကျသွားသည့်အတွက် ပင်လယ်ပြင် လုပ်ထုံးလုပ်နည်းအရ ကူညီကယ်ဆယ်ရေးအတွက် အမြန်ဆုံး ထိုနေရာ ပတ်လည်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်ရှိစဉ် Dongwon သင်္ဘောမှ ရေပေါ်တွင် ပေါ်နေသည့် လေယာဉ်အစိတ်အပိုင်းအချို့ကို ဆယ်ယူထားသည်ကို တွေ့ရပါသည်။ ပထမတစ်ခုကတော့ ဒီလောက်ပါပဲ။ (ထိုစဉ်က ဘဝမှာ ပထမဆုံးအကြိမ် ကိုရီးယားခေါက်ဆွဲနှင့် ကင်ချီ စားဖူးခြင်း ဖြစ်ပါသည်။)
ဒုတိယဖြစ်စဉ်ကတော့ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ မြန်မာ့ပြည်တွင်းလေကြောင်းမှ Fokker F-27 Friendship 600 သည် စစ်တွေလေဆိပ်သို့အဆင်း အမြင့်ပေလျှော့ချစဉ် အရှေ့ဖရုံကာကျွန်း တောင်ထိပ်ရှိ သစ်ပင်နှင့် တောင်ပံထိပ် ထိမိသည့်အတွက် လေယာဉ်မှာ အရှိန်ဖြင့် လည်ထွက်ပြီး တောင်နံရံနှင့် တိုက်မိပျက်ကျခြင်း ဖြစ်ပါသည်။
ထိုကိစ္စ ဖြစ်ပွားပြီးချင်း ကျွန်တော်တို့ ငါးဖမ်းလှေများကို ထိုဖြစ်စဉ်နေရာသို့ ကူညီကယ်ဆယ်ရေးလွှတ်ရန် ဒေသအာဏာပိုင်များမှ ညွှန်ကြားလာသဖြင့် လှေသား ၈၀ ခန့် စေလွှတ်လိုက်ပါသည်။ တောင်တက်လမ်း ရှင်းလင်းခြင်းနှင့် ကျွမ်းကျင်အဖွဲ့တစ်ခုမှ ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်နိုင်ရန် ကွင်းနေရာ ရှင်းလင်းပေးခဲ့ပါသည်။ ရောက်ရှိလာသည့် ဆေးတပ်သားများမှ အလောင်းများအား စစ်ဆေးမှတ်တမ်းယူကြပြီး၊ တစ်ဦးစီ၏ ကိုယ်ပေါ်ပါ ရွှေထည်ပစ္စည်းများကို နာမည်နှင့်တကွ သိမ်းဆည်းရယူပေးခြင်း၊ သေဆုံးရသည့် အကြောင်းရင်း (ဥပမာ- နံရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း စသည်) တို့ကို မှတ်တမ်းတင်ကြပါသည်။ သေဆုံးသူများ၏ အင်္ကျီများမှာ အပိုင်းပိုင်း စုတ်ပြဲပွင့်ထွက်ကုန်သော်လည်း ချုပ်ရိုးနေရာများမှာမူ အကောင်းအတိုင်း ရှိနေသည်ကို တွေ့ရပါသည်။
ထိုလေယာဉ်မှာ ကုန်တင်လေယာဉ် (Cargo) ဆိုသော်လည်း လူအများအပြား ပါဝင်ခဲ့ပါသည်။ ကျွန်တော် မှတ်မိနေသည်မှာ စားသောက်ကုန်တွန်းလှည်းဘေးတွင် ခွေခွေလေး သေဆုံးနေသည့် မွတ်စလင် လေယာဉ်မယ် မခင်အုန်းမြင့် ဖြစ်ပါသည်။ နောင်တွင် ကျွန်တော်သည် သူမ၏ ဖခင်ဖြစ်သူ Chief Engineer နှင့် သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး Agency အတူလုပ်ကိုင်ဖြစ်ပါသေးသည်။
သူမ၏ ပုံရိပ်ကိုတော့ ယနေ့တိုင် မျက်စိထဲတွင် အမှတ်ရမိနေပါသည်။ ထို့ပြင် ထိုင်ခုံတွင် မီးလောင်သေဆုံးနေသူ တစ်ဦးကိုလည်း အမှတ်ရမိပါသေးသည်။ သေဆုံးသူများအား ထိုနေရာတွင်ပင် မီးသင်္ဂြိုဟ်ပြီး ပြာအိုးများကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ထိုဖြစ်စဉ်များမှာ ကျွန်တော့်ဘဝ၏ မှတ်သားဖွယ် အတွေ့အကြုံများပင် ဖြစ်ပါသည်။
မှတ်ချက် - ကိုငွေစိုးဟာ သောက်မထားလျှင် အလွန်စကားပြော အေးဆေးသူဖြစ်ပြီး Chivas ဝီစကီကို ကြိုက်နှစ်သက်သူ ဖြစ်သည်။
https://koagga.blogspot.com/.../04/me-and-plane-crashes.html
အောင်မျိုးလွင် ( အဂ္ဂ )
#AungMyoLwin #Agga #LifeExperiences #PlaneCrash #History #KoreanAir858 #FokkerF27 #RescueMission #MyanmarAirways #Memories #Sittwe #RakhineState #MaritimeRescue

No comments:

Post a Comment

Drug Rehabilitation (L.1)

  Drug Rehabilitation (L.1) When new patients arrive at our drug rehabilitation centers, they are paired with a "Guide"—a senior t...