"လူ" နှင့် "မူ" ခွဲမြင်ပါ

"လူနှင့်မူ ခွဲမြင်ပါ"
=============


ယုံကြည်ချက်နဲ့ ခင်မင်ပတ်သက်မှုကြားက ဘဝအကြောင်းပါ။

ကျွန်တော်ဟာ မဆလခေတ် လူကြီးပိုင်းတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲ မိသားစုအသိုင်းအဝိုင်းထဲမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ဒါပေမဲ့ ၇ တန်း သမိုင်းသင်ခန်းစာမှာ 'ဘူဇွာတော်လှန်ရေး' အကြောင်း ဖတ်မိပြီးတဲ့နောက် မဆလရဲ့ 'အညမည သဘောတရား' ဆိုတာ စကားလုံးတွေသက်သက်ပဲဆိုတာ လက်တွေ့မျက်မြင် သိရှိခဲ့ရပါတယ်။

ထိုအသိုင်းအဝိုင်းကနေ အကျိုးခံစားခွင့်ရှိသူ ဖြစ်လင့်ကစား၊ မိမိယုံကြည်ချက်အတွက် အိမ်ကနေဆင်းပြီး သရက်တောကျောင်းတိုက်မှာ နေထိုင်ကာ အစိုးရကို ဆန့်ကျင်ခဲ့သူပါ။

'ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း' အဝိုင်းခံရစဉ်ကလည်း ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟန်ထွန်း၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးမြင့်လွင်နှင့် မိမိဦးလေးကဲ့သို့ ခင်မင်ရသူများကို မိမိတို့ အလုံမြို့နယ် ကျောင်းသားအင်အားနဲ့ လုံခြုံရေးပေးပြီး ကျွန်တော့်အိမ်ကို ခေါ်ဆောင်ပေးခဲ့ပါတယ်။

မိမိရဲ့ အခြေအနေအရ 'လူနှင့်မူ' ခွဲမြင်တတ်ဖို့ ဘဝပေးသင်ခန်းစာအဖြစ် ကြုံတွေ့ခဲ့ရတာပါ။ ထိုအချိန်က ကျွန်တော့်အဖေဟာ အမှတ်မမှားရင် ကျောက်တံတားမြို့နယ် ပါတီဥက္ကဋ္ဌ ဖြစ်သလို ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှူး တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျွန်တော်ဟာ ၈၈ နောက်ပိုင်းမှာ တော်လှန်ရေးရဲဘော်ရဲဘက်တွေရဲ့ အထင်အမြင်လွဲမှားမှုတွေကို အများကြီး ခံခဲ့ရပါတယ်။ မြေအောက်တော်လှန်ရေးကာလ၊ အနောက်ပိုင်းခရိုင် လုံ/စည်း တာဝန်ယူစဉ်မှာ ထောက်လှမ်းရေးက ကျွန်တော့်ဖခင်ဆီ သတင်းပေးပြီး ကျွန်တော့်ကို ခေါ်တွေ့ခဲ့ပါတယ်။ ကျွန်တော့်အကြောင်း ဘယ်သူတွေ သတင်းပေးတယ်ဆိုတာပါ သိလိုက်ရတဲ့နောက်မှာ ကျွန်တော် ကာလတစ်ခုအထိ လက်ရှောင်ခဲ့ရပါတယ်။

ဒီခံစားချက်ကြီးက ယနေ့တိုင် ခဏခဏ သက်ရောက်လေ့ရှိပါတယ်။ ဒီသင်ခန်းစာအရ လက်ရှိတော်လှန်ရေးမှာလည်း 'လူ' နဲ့ 'မူ' ကွဲပြားစွာ ခွဲခြားနားလည်ဖို့ အလွန်အရေးကြီးပါကြောင်း အထူးအသိပေးချင်ပါတယ်။ ဒီအချက်ကို ပြောရတာကတော့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်ကြီးနေမျိုးဇင်နဲ့ အချို့သော ကျွန်တော့်သူငယ်ချင်းတွေကို ထိုသို့သော အကွက်ထဲ ဆွဲထည့်ဖို့ ကြိုးစားနေကြောင်း သိလာရလို့ပါ။

လူနှင့်မူခွဲပြီး စည်းရုံးတာကို တကယ့်ကို ကျင့်သုံးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ဥပမာ - ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလမတိုင်ခင်နဲ့ ကာလအတွင်းမှာ သခင်သန်းထွန်း နေမကောင်းဖြစ်ချိန် ဗိုလ်ချုပ်နေဝင်းက ဆေးဝါးတွေကို လေယာဉ်နဲ့ ချပေးခဲ့ဖူးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။

အမေရိကန် ပြည်တွင်းစစ်ကာလမှာလည်း အေဘရာဟမ် လင်ကွန်းဟာ ဒဏ်ရာရနေတဲ့ ရန်သူတောင်ပိုင်းတပ်သားတွေကို ဆေးရုံတွေမှာ သွားရောက်ကြည့်ရှုလေ့ရှိပြီး ၎င်းတို့ကို ရန်သူလို့မမြင်ဘဲ လမ်းမှားရောက်နေတဲ့ ညီအစ်ကိုတွေလို ဆက်ဆံခဲ့ပါတယ်။

၁၉၁၄ ခုနှစ်ကလည်း ဂျာမန်တပ်တွေနဲ့ ဗြိတိန်တပ်တွေဟာ ရှေ့တန်းစစ်မျက်နှာက "No Man's Land" လို့ခေါ်တဲ့ ကြားနယ်မြေမှာ ဆုံတွေ့ကြပြီး လက်ဆောင်တွေလဲလှယ်တာ၊ အတူတူ သီချင်းဆိုတာနဲ့ ဘောလုံးကစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ဦးစီးချုပ်တွေက မူဝါဒအရ တိုက်ခိုက်ခိုင်းပေမဲ့ စစ်သားတွေက "လူ" အချင်းချင်းအဖြစ် ခေတ္တငြိမ်းချမ်းရေး ယူခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ပြည်တွင်းစစ်မှာ အပြီးတိုင်တိုက်ဖို့သာ ဆန္ဒပြုရပ်တည်ရသော်လည်း ရင်ထဲမှာတော့ မသက်သာလှပါ။ လက်ရှိ တက်လာတဲ့ လူငယ် G1 (စစ်ဦးစီးအချို့သည် မိမိရှေ့မှာ ကြီးလာသူအချို့ ပါဝင်နေပါသည်)။ ဒီတော့ ပြည်တွင်းစစ်ဆိုတာ ကျွန်တော့်အတွက်တော့ ပုပ်နေတဲ့ ကိုယ့်လက်ကို ကိုယ်ပြန်ဖျက်ရသလိုမျိုး အလွန်နာကျင်ရပါတယ်။

https://koagga.blogspot.com/2026/04/distinguish-person-from-policy.html

အောင်မျိုးလွင်

No comments:

Post a Comment

Cultural Perspectives: What Muslims in Myanmar Need to Consider Regarding Traditional Customs

In Myanmar, there is a deeply rooted concept known as The Five Infinite Objects of Veneration ( Ananta Nga Par ). This group comprises the ...