Search This Blog ရှာရန်

Tuesday, June 30, 2026

"ဘာမှမပြောင်းလဲရင် ဘာမှမပြောင်းလဲဘူး" မူးယစ်ပြန်ထူ











"မူးယစ်ပြန်ထူ ကုသိုလ်ယူ"
Nothing changes if nothing changes.
"ဘာမှမပြောင်းလဲရင် ဘာမှမပြောင်းလဲဘူး"
အမေရိကန်အသုံးအနှုန်းနဲ့ မြန်မာစကား အချိုးကျလှပါတယ်။
ဒီလိုနေချင်၊ ဒီလိုနေ
ဒီလိုမနေချင်၊ ဒီလိုမနေနဲ့။
ပုံပါကဗျာလေးတွေက သင်တန်းမှာ ပြောတဲ့အကြောင်းအရာတွေကို နားထောင်ရင်း ကဗျာလို ရေးလိုက်တာပါ။ ဒီကဗျာလေးကြည့်ပြီး ဘာတွေသင်နေလဲဆိုတာ စဉ်းစားလို့ရတာပေါ့။ အမှန်ကတော့ နားမဒိန်းကျင့်တာပါ
(ပုံပါစာ ဖတ်လို့ရပါသလား?)
တစ်နေ့ကို ၄၅ မိနစ် သင်တန်း ၄ ခုလောက်ရှိပါတယ်။ သင်တန်းတစ်ခုပြီးတိုင်း ၁၅ မိနစ်ထိုင်ပြီး Reaction Letter လို့ခေါ်တဲ့ တုံ့ပြန်စာကို ဘာတွေမှတ်မိလဲ၊ ဘာတွေသဘောပေါက်လဲ ပြန်ရေးပြီး ရုံးခန်းသွားတင်ရပါတယ်။ အဲ့ဒီအမှတ်က သိပ်အရေးကြီးပါတယ်။ သင်တန်းကျောင်းက ရုပ်ရှင်ကြည့်ခန်းမှာ မိမိကြည့်ချင်တဲ့ ရုပ်ရှင်စာရင်းပေးခွင့်က အဲ့ဒီအမှတ်တွေနဲ့ ဆိုင်ပါတယ်။ ဒါဥပမာပြောပြတာ၊ အမှတ်များလေ လုပ်ပိုင်ခွင့်များလေပါပဲ။
သင်တန်းရဲ့ ထူးခြားတဲ့အချက် -
သင်တန်းမှာ သင်တန်းသား ၄၅ ယောက်ရှိပါတယ်။ မည်သူမဆို မည်သည့်အချိန်မဆို ပြန်ခွင့်ရှိတယ် (ထောင်မှ လူငယ်လေးများ ဆေးသုံးပြီး အဖမ်းခံရလျှင် ၃ လလောက် ထောင်ထဲထားပြီး "ဒုတိယအခွင့်အရေး" ဆိုပြီး သင်တန်းကျောင်းပို့ကာ ၆ လ သင်တန်းပြီးဆုံးအောင် တက်ရတဲ့သူများမပါ)။ ထိုလူငယ်များ အိမ်မပြန်တော့ဘူးဆိုလျှင် သင်တန်းကပိုင်တဲ့ စုပေါင်းအိမ်ယာတွေမှာထားပြီး အဝေးသင် Online ၆ လ ဆက်တက်ရပါတယ်။ အဲ့ဒီမှာ "မူးယစ်ပြန်ထူ အတိုင်ပင်ခံ" သင်တန်းဆင်းလက်မှတ် ရမှာဖြစ်ပြီး ဒီလိုသင်တန်းကျောင်းတွေက အလုပ်ခေါ်ပါတယ်။
သို့သော် သင်တန်းကာလအတွင်း မိမိသဘောဖြင့် ပြန်သူ ၃ ဦးခန့်သာ ရှိခဲ့ပါတယ်။ သင်တန်းသားထဲမှာ အင်ဂျင်နီယာ၊ Web Developer၊ ခရစ်ယာန်ဘုန်းကြီး၊ ကလေးအမေ၊ ညဌက်၊ ကျောင်းသူ၊ အခြောက်၊ မျက်မမြင်၊ မူးယစ်ဂိုဏ်းဝင်၊ ဆရာဝန်၊ အဝေးပြေးကုန်ယာဉ်မောင်းတွေ ပါဝင်ပါတယ်။ ထိုသင်တန်းသားများထဲတွင် အင်မတန်ခင်မင်ဖွယ်ကောင်းပြီး ကျွန်တော့်ရဲ့ အသံထွက်တွေကို ပြင်ပေးတတ်သူ အဝေးပြေးယာဉ်မောင်းဟာ မူးယစ်မှုဖြင့် ထောင်ကျ၊ အနေအထိုင်ကောင်းလို့ ဒီသင်တန်းကို ပို့ထားစဉ် ဒုတိယအမှုကို ရုံးတက်နေရပြီး ကျွန်တော်သင်တန်းမပြီးခင် သူထောင် ၃ နှစ် ကျသွားပါတယ်။ သူကျွန်တော့်ကို အမြဲပြောတဲ့စကားတစ်ခုရှိတယ် - 'အဂ္ဂ၊ မင်းစိတ်ဆိုးရင် American အသံထွက် ပီတယ်' တဲ့။
အော်ဒါနဲ့ ဒီနေရာမှာ တစ်ခုပြောပြဖို့လိုမယ်၊ ကျွန်တော်တို့ သင်တန်းမှာ အမေရိကန်အချို့ English မရေး၊ မဖတ်တတ်ပါဘူး။ ကျွန်တော့်ထက်ညံ့ပါတယ်။ ကျွန်တော်က Whiteboard ပေါ်မှာ English quote တွေကို "˙ʇsɹoʍ ǝɥʇ ɹoɟ ƃuıɹɐdǝɹd osןɐ ɯɐ I ʇnq 'ʇsǝq ǝɥʇ ɹoɟ ƃuıdoɥ ɯɐ I" လို့ စာလုံးပြောင်းပြန် လက်တန်းရေးပြရင် သူတို့ပင် အထူးအဆန်းလုပ်တတ်ကြပါတယ်။ စကားကတော့ သွားမယှဉ်နဲ့ပေါ့။ သူတို့တွေအတွက် တုံ့ပြန်စာကိုတော့ သူတို့ပြောပြတာကို Guide တွေက ရေးပေးရပါတယ်။




No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...