( ၁၈ နှစ်ပြည့် အမေရိကန်ဘဝ )
အမေရိကန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဥပဒေစနစ်အရ လူတစ်ဦးသည် အသက် ၁၈ နှစ်ပြည့်သည်နှင့် ကလေးဘဝမှ ကျွတ်လွတ်ကာ “အရွယ်ရောက်ပြီးသူ” အဖြစ်သို့ တရားဝင် ကူးပြောင်းရောက်ရှိသွားသည်။ သို့သော် ဤအချက်ကို အချို့သော အာရှအသိုင်းအဝိုင်းများတွင် အမေရိကန်စတိုင်ဟုဆိုကာ အပေါ်ယံသာ ယူဆပြီး မိဘအပေါ် တာဝန်ယူမှုနှင့် ကျေးဇူးတရားကို မေ့လျော့တတ်သည့် အခြေအနေများလည်း တွေ့ရတတ်သည်။
အသက် ၁၈ နှစ်ပြည့်သည်နှင့် “ငါ့သဘော၊ ငါ့စိတ်ကြိုက် လွတ်လပ်ခွင့်ရှိပြီ” ဟုယူဆကာ မိဘ၏ အုပ်ထိန်းမှုကို မလိုအပ်တော့သလို သဘောထားပြီး မိမိစိတ်ကြိုက် လျှောက်လုပ်တတ်ကြခြင်းမှာ မကြာခဏ မြင်တွေ့ရသော အလွဲသဘောတစ်ခု ဖြစ်သည်။
အမှန်တကယ်တွင် အရွယ်ရောက်ခြင်းဆိုသည်မှာ လွတ်လပ်ခွင့်သာမက တာဝန်ယူမှုကိုပါ တစ်ပြိုင်နက်တည်း လက်ခံခြင်း ဖြစ်ရမည်။
အထူးသဖြင့် မိသားစု၏ စားဝတ်နေရေး ကြပ်တည်းနေသည့်အခါတွင် အရွယ်ရောက်လာသူတစ်ဦးအနေဖြင့် ကိုယ့်ဘဝအတွက်သာ မဟုတ်ဘဲ မိသားစု၏ဘဝအတွက်ပါ တစ်ဖက်တစ်လမ်းမှ တာဝန်ယူရမည့် အတွေးအမြင် ရှိရမည်။
ထိုသို့သော အခြေအနေတွင် မိမိလည်း အလုပ်လုပ်ကာ မိသားစုကို ကူညီထောက်ပံ့ခြင်းသည် စိတ်ကူးယဉ်လွတ်လပ်ခွင့်ထက် ပို၍ လက်တွေ့ကျပြီး ပို၍ တန်ဖိုးရှိသော အရွယ်ရောက်ခြင်း၏ လက္ခဏာပင် ဖြစ်သည်။
အချို့သောအခြေအနေဆိုးများ၌ မိဘများဘက်မှလည်း “မင်းတို့က အမေရိကန်စတိုင်နဲ့ နေချင်တယ်ဆိုရင်တော့ အမေရိကန်စတိုင်အတိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြ” ဟု ပြန်လည်သဘောထားလျှင် မည်သို့ဖြစ်မည်နည်းဟု စဉ်းစားစရာရှိလာသည်။
အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ အစားအသောက်စရိပ်နှင့် ကျောင်းစရိပ်များကို ကိုယ်တိုင်တာဝန်ယူကာ လွတ်လပ်စွာ နေထိုင်ကြရမည်ဆိုပါက ထိုလွတ်လပ်ခွင့်သည် စကားလုံးအဆင့်တွင် လွယ်ကူသော်လည်း လက်တွေ့တွင် အလွန်လေးနက်သော စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်။
"အပြန်အလှန် မေတ္တာတရား သိပ်အရေးကြီးပါတယ်"
အမှန်စင်စစ်တွင် အမေရိကန်စတိုင် အရွယ်ရောက်ခြင်း၏ အနှစ်သာရမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းတို့ကို အခြေခံထားခြင်း ဖြစ်သည်။ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သည်နှင့် မိဘတို့၏ တရားဝင် ထိန်းသိမ်းစောင့်ရှောက်ခွင့်သည် အဆုံးသတ်သွားပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် မဲပေးခွင့်တို့ ရရှိလာသော်လည်း၊ ၎င်းသည် မိဘကို ပစ်ပယ်ရန် သို့မဟုတ် တာဝန်မဲ့ရန် လိုင်စင်ရသွားခြင်း မဟုတ်ပေ။
အမေရိကန်လူငယ်များသည် ငယ်စဉ်ကတည်းကပင် မိမိတို့၏ လုပ်ရပ်များအတွက် ကိုယ်တိုင်တာဝန်ယူတတ်ရန် လေ့ကျင့်ပျိုးထောင်ခံရသူများ ဖြစ်ကြသည်။
ထို့အပြင် အနောက်တိုင်းလူမှုဘဝနှင့် ပတ်သက်၍ လူအများ ထင်သလို အမေရိကန်တွင် မိဘများကို လျစ်လျူရှုခြင်း သို့မဟုတ် အသက်ကြီးလာသည်နှင့် လူအိုရုံသို့ ပစ်ပယ်ပို့ဆောင်ခြင်းသာ ဖြစ်သည်ဟု တစ်ဖက်သတ် မမြင်သင့်ပေ။
တကယ်တမ်းတွင် အမေရိကန်လူမှုအသိုင်းအဝိုင်း၌လည်း မိဘတန်ဖိုးထားမှု၊ ချစ်ခြင်းမေတ္တာ၊ အဖိုးအဖွားများကို ရိုသေပြုစုစောင့်ရှောက်မှုတို့ ရှိနေဆဲဖြစ်သည်။ မိဘများကို သက်ကြီးစောင့်ရှောက်ရေးဌာနများတွင် ထားရှိရခြင်းသည်လည်း အခြေအနေအမျိုးမျိုး၊ ကျန်းမာရေးလိုအပ်ချက်များ သို့မဟုတ် မိသားစု၏ လက်ရှိဘဝအခြေအနေများကြောင့် ဖြစ်တတ်သည်။
အချို့သော မိသားစုများတွင်မူ အဖေ၊ အမေ၊ အဖိုးအဖွားနှင့် သားသမီးမြေးမြစ်များ အတူတကွ စုပေါင်းနေထိုင်ကြသည့် မိသားစုကြီးများလည်း အများအပြား ရှိသည်။ အထူးသဖြင့် မိသားစုအတွင်း ချစ်ခင်ရင်းနှီးမှုကောင်းမွန်သည့် အသိုင်းအဝိုင်းများတွင် မိဘနှင့် သားသမီးတို့သည် အပြန်အလှန် စောင့်ရှောက်ထောက်ပံ့ကာ အတူနေထိုင်ကြဆဲ ဖြစ်သည်။
တစ်ဖက်တွင်လည်း မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ခြင်း မရှိသေးဘဲ မိဘအိမ်အောက်တွင် ဆက်လက်နေထိုင်ကာ မိဘ၏ ဘဏ္ဍာရေးအထောက်အပံ့ကို မှီခိုနေဆဲဖြစ်ပါက မိဘ၏ အိမ်တွင်းစည်းကမ်းများကို လိုက်နာရမည်သာ ဖြစ်သည်။
မိဘအိမ်တွင် နေထိုင်နေစဉ် “ငါ့သဘော၊ ငါ့စိတ်ကြိုက်” ဟူသော အပြည့်အဝ လွတ်လပ်ခွင့်ကို တောင်းဆိုခြင်းမှာ သဘာဝမကျပေ။ စစ်မှန်သော လွတ်လပ်ခွင့်ကို လိုချင်ပါက ကိုယ်ပိုင်ဝင်ငွေရှာဖွေခြင်းနှင့် သီးခြားရပ်တည်ခြင်းတို့ဖြင့် သက်သေပြရမည် ဖြစ်သည်။
သို့ဖြစ်ရာ အာရှယဉ်ကျေးမှု၏ မိသားစုနွေးထွေးမှုနှင့် အပြန်အလှန်မှီခိုအားထားမှုကို တစ်ဖက်က လိုချင်ပြီး၊ အခါအခွင့်သင့်မှ အမေရိကန်စတိုင် လွတ်လပ်ခွင့်ကို ထုတ်သုံးမည်ဆိုပါက လက်တွေ့တွင် ဟန်ချက်မညီ ဖြစ်သွားမည်သာ ဖြစ်သည်။ ယဉ်ကျေးမှုနှစ်ခုကြား ရပ်တည်နေရာမှ အပေါ်ယံပုံစံများကိုသာ မကူးယူဘဲ အဓိကအနှစ်သာရကို နားလည်ရန် လိုအပ်သည်။
အချို့မိဘများလဲ " ကုလားလိုအုပ်ချုပ်၊ အမေရိကန်စတိုင်လုပ်၊ မြန်မာလို သောက်သင်းပြော "
အဲဒီလူမှုဘဝတွေကိုလဲ ပြင်သင့်သည်။
အမေရိကန်စတိုင် အရွယ်ရောက်ခြင်းဆိုသည်မှာ အသက်အရွယ်တစ်ခု ရောက်ခြင်းသက်သက်မဟုတ်ဘဲ ကိုယ်ပိုင်ဘဝကို တာဝန်ယူတည်ဆောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး၏ ကိုယ်ပိုင်နေရာနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို အပြန်အလှန်လေးစားခြင်းတို့ ပေါင်းစပ်ထားသည့် လူနေမှုစနစ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ယဉ်ကျေးမှုနှစ်ရပ်ကြား ဟိုမရောက် ဒီမရောက်ဖြစ်နေသည့်အခါ အပေါ်ယံလွတ်လပ်ခွင့်ကိုသာ မကူးယူဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မိသားစုတန်ဖိုးများကို အခြေခံမှန်ကန်စွာ နားလည်သဘောပေါက်ရန် အထူးအရေးကြီးပေသည်။
English Version https://www.facebook.com/john.agga.us/posts/pfbid02duM5dERENh6394zjKqazG1cY48x2kJd6vmY5XdNF7XYjx27bp7RXtJDfUQbyaj2pl
လူငယ်များအား လေးစားစွာဖြင့် , အောင်မျိုးလွင် ( အဂ္ဂ )

No comments:
Post a Comment