Search This Blog ရှာရန်

Saturday, August 01, 2026

အစွန်းရောက်

အစွန်းရောက်


ကမ္ဘာ့သမိုင်းတစ်လျှောက် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအစွန်းရောက်အမြင်များသည် လူသားများအကြား ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၏ အဓိကအကြောင်းရင်း ဖြစ်ခဲ့သည်။ သို့သော် အစွန်းရောက်တိုင်းသည် ဉာဏ်နည်းသူများ သို့မဟုတ် ဘာသာတရားကို မှားယွင်းကိုင်တွယ်သူများချည်း ဖြစ်သည်ဟု ဆိုရန်ခက်ခဲပေသည်။ ၎င်းတို့ကို မွေးထုတ်အသုံးချခြင်းသည် နှစ်ထောင်ချီကာလကတည်းက နိုင်ငံရေးသမားများနှင့် စီးပွားရေးအကျိုးအမြတ်ရှာသူများ စနစ်တကျ ဖန်တီးထားသော နည်းဗျူဟာတစ်ရပ်သာ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း နိုင်ငံရေးအာဏာ ခိုင်မာစေရန်နှင့် လူမျိုးရေးအကျိုးအမြတ်အတွက် ဘာသာရေးအစွန်းရောက်များကို လက်နက်ကိရိယာသဖွယ် စနစ်တကျ အသုံးချနေသည်ကို တွေ့မြင်နေရဆဲဖြစ်သည်။

အစွန်းရောက်ဝါဒဖြန့်မှုများသည် ဘာသာတရားကို စနစ်တကျ လေ့လာထားခြင်းမရှိဘဲ အပေါ်ယံကိုင်းရှိုင်းနေသူများကို အဓိက ပစ်မှတ်ထားလေ့ရှိသည်။ ဘာသာတရား သီအိုရီပိုင်းဆိုင်ရာ အနှစ်သာရကို မသိရှိဘဲ အတ္တကိုယ်စီဖြင့် မိမိတို့၏ အမြင်ကိုသာ အမှန်တရားဟု ယူဆကြသောအခါ ဘာသာတရား၏ ငြိမ်းချမ်းရေးနှင့် မေတ္တာတရားများကို မေ့လျော့ကာ အစွန်းရောက်ဘဝသို့ လွယ်ကူစွာ ကျဆင်းသွားကြတော့သည်။

ထို့အပြင် ဘာသာရေးပဋိပက္ခများ ဖန်တီးရာတွင် အခြားဘာသာတစ်ခု၏ အသွင်ကိုယူကာ ပြဿနာများကို တမင်ဖန်တီးပြသနေကြသော အစွန်းရောက် အယောင်ဆောင်များကိုလည်း အထူးသတိပြုရန် လိုအပ်ပေသည်။ ယနေ့ အမေရိကန်နိုင်ငံတွင်ပင် ခရစ်ယာန်ဘာသာဟန်ဆောင်ပြီး အစ္စလာမ်မုန်းတီးရေး လုပ်ဆောင်နေသူများစွာ ရှိသည်။

အစ္စရေးနိုင်ငံရေးအကျိုးအမြတ်အတွက် ထိုသို့အသုံးချနေခြင်းများရှိသလို၊ ဘုမသိဘမသိဖြင့် မြန်မာပြည်မှာ အနှိမ်ခံခဲ့ရသည့် ခရစ်ယာန်များသည် အမေရိကန်နိုင်ငံသို့ ရောက်လာသည့်အခါ ၉၆၉ ပုံစံမျိုးဖြင့် 'ငါတို့ ခရစ်ယာန်နိုင်ငံရောက်ပြီ၊ အမေရိကန်ဟာ ခရစ်ယာန်နိုင်ငံ၊ ငါတို့နိုင်ငံ' ဘာညာ ပြောဆိုနေကြသည်များ ရှိသည်။ ထိုသူများကို အပြစ်တင်ရန် ခက်လှပေသည်၊ အကြောင်းမှာ လက်ရှိအစိုးရသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ (First Amendment) ကို ဆန့်ကျင်ပြီး လူပိန်းကြိုက် 'အမေရိကန်နိုင်ငံဟာ ခရစ်ယာန်နိုင်ငံပါ' ဟု အော်ပြနေသောကြောင့် ဖြစ်သည်။

သမိုင်းကြောင်းအရ ခရုဆစ်စစ်ပွဲများမှသည် ယနေ့ခေတ် မြန်မာနိုင်ငံ၏ ၉၆၉ လှုပ်ရှားမှုနှင့် ရိုဟင်ဂျာအရေးအထိ ဖြစ်ရပ်များသည် ဘာသာရေးကို နိုင်ငံရေးနှင့် လူမျိုးရေးအတွက် အသုံးချခဲ့သည့် သက်သေများ ဖြစ်သည်။ ထို့အပြင် လက်နက်ကုမ္ပဏီများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ပဋိပက္ခများမှ အကျိုးအမြတ်ရယူရန်အတွက် အစွန်းရောက်အမြင်များကို အားပေးမွေးထုတ်ပေးလျက် ရှိကြသည်။

မီဒီယာကုမ္ပဏီကြီးများသည်လည်း အစွန်းရောက်အမြင်များကို ဖြန့်ဝေခြင်းဖြင့် ကြော်ငြာဝင်ငွေနှင့် အကျိုးအမြတ်များကို ရှာဖွေကြပြန်သည်။ ဤသို့ဖြင့် ဘာသာတရားကိုယ်တိုင်က ငြိမ်းချမ်းမှုကို သွန်သင်သော်လည်း အစွန်းရောက်အမြင်များ၏ အသုံးချခံဖြစ်ရခြင်းကြောင့် ဘာသာတရားပါ ပုံရိပ်ကျဆင်းရသည့် အခြေအနေသို့ ရောက်ရှိနေရသည်။

ထို့ကြောင့် ဘာသာတရားကို တိုက်ခိုက်ရန်ထက် ဘာသာတရားကို အလွဲသုံးစားလုပ်နေသော အစွန်းရောက်အမြင်များနှင့် နောက်ကွယ်မှ အင်အားစုများကို တွန်းလှန်ရန် လိုအပ်သည်။ ဘာသာတရား၏ အနှစ်သာရဖြစ်သော ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို စနစ်တကျ နားလည်သဘောပေါက်စေခြင်းဖြင့် လူများကို အစွန်းရောက်ဘဝသို့ ကျရောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

စာဖတ်ပရိသတ်များအနေဖြင့် မိမိတို့ ကိုးကွယ်ယုံကြည်မှု၏ တန်ဖိုးများကို တူးဖော်ထုတ်ယူကာ နောင်လာမည့်မျိုးဆက်သစ်များ ဘာသာရေးခေါင်းစဉ်တပ်၍ အသုံးချခံရကာ မုန်းတီးသတ်ဖြတ်ရသည့်ဘဝသို့ မရောက်ရှိစေရန် သတိပြုကြရမည် ဖြစ်သည်။ အမှားအမှန်ကို ဆင်ခြင်ပိုင်းခြားနိုင်ကြပြီး အစွန်းရောက်အမြင်များ၏ နောက်ကွယ်မှ အကျိုးအမြတ်ရှာသူများကို သတိပြုလျက် ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်းကို အတူတကွ တည်ဆောက်ကြပါစို့။

No comments:

Post a Comment

Extremism

 Extremism Throughout world history, religious, racial, political, and economic extremism has served as a primary driver of conflict and vio...