Search This Blog ရှာရန်

Monday, September 14, 2026

The History of Strand Hotel (Rangoon)



Strand Hotel (Rangoon)

အမှတ် ၉၂ ကမ်းနာလမ်းတွင် ဗြိတိသျှလုပ်ငန်းရှင် ဂျွန် ဒါဝုဒ် (John Darwood) က Strand Hotel ကို ၁၉၀၁ ခုနှစ်တွင် သုံးထပ်ဟိုတယ်အဖြစ် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် အီရန် နိုင်ငံ အစ္စဖာဟန် (Isfahan) မြို့တွင် မွေးဖွားခဲ့ကြသည့်၊ အာမေးနီးယားလူမျိုး (Martin, Tigran, Aviet and Arshak စသည့် စာကီးစ် ( Sarkies ) ညီအစ်ကိုများက ဝယ်ယူပိုင်ဆိုင်ခဲ့ကြသည်။
စာကီးစ်ညီအစ်ကိုများသည် အရှေ့တောင်အာရှ၏ နာမည်ကျော် ကိုလိုနီခေတ် လူကုံထံဟိုတယ်များဖြစ်သည့် စင်ကာပူနိုင်ငံမှ Raffles Hotel၊ မလေးရှားနိုင်ငံ ပီနန်မြို့မှ Eastern & Oriental Hotel နှင့် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့မှ Hotel Majapahit တို့အပါအဝင် ထင်ရှားသောဟိုတယ်အချို့ကို ပိုင်ဆိုင်ခဲ့သူများ ဖြစ်သည်။
စတင်ဖွင့်လှစ်ချိန်ကတည်းက The Strand Hotel ကို “ဆူးဇ်တူးမြောင်း၏ အရှေ့ဘက်ခြမ်းတွင် အကောင်းဆုံးဧည့်ဂေဟာ” ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၁၁ ခုနှစ်ထုတ် Murray’s Handbook for Travellers in India, Burma and Ceylon စာအုပ်တွင်လည်း ဟိုတယ်ကို “The finest hostelry East of Suez” ဟု ချီးကျူးဖော်ပြခဲ့သည်။ ထိုခေတ်က The Strand သည် တော်ဝင်မင်းမျိုးမင်းနွယ်များ၊ သူဌေးသူကြွယ်များနှင့် ထင်ရှားကျော်ကြားသူများ လာရောက်တည်းခို၊ အားပေးကြသည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ဟိုတယ်ကို အဓိကပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တို့က ဟိုတယ်ကို Yamato Hotel ဟု အမည်ပြောင်းခဲ့ပြီး၊ ဟိုတယ်၏ အစိတ်အပိုင်းအချို့ကို စစ်မြင်းများထားရှိရာ နေရာနှင့် မြင်းစာကျွေးရုံအဖြစ် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တပ်ဖွဲ့၏ ဗုံးတစ်လုံးသည် The Strand ၏ အမိုးကို ဖောက်ထွင်း၍ ပြိုကျလာခဲ့သည်။ ယခင်က Princess Hall (မင်းသမီးခန်းမ) ဟု ခေါ်ဆိုခဲ့ပြီး၊ ယခုအခါ ဟိုတယ်မန်နေဂျာ၏ ရုံးခန်းဖြစ်လာသည့် နေရာတွင် ဗုံးသည် မပေါက်ကွဲသေးဘဲ ကျန်ရစ်ခဲ့ဖူးသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။
၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် Steel Bros. & Co. ပိုင်ရှင်အသစ်များက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကာ ဟိုတယ်ကို ထပ်မံပြန်လည်မွမ်းမံခဲ့ကြသည်။
၁၉၆၃ ခုနှစ်တွင် ဟိုတယ်သည် ပြည်သူပိုင်အသိမ်းခံခဲ့ရပြီးနောက် ခရီးသွားလာမှု လျော့နည်းလာကာ ဟိုတယ်အဆောက်အအုံ၏ အခြေအနေနှင့် ဝန်ဆောင်မှုအရည်အသွေးတို့သည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
၁၉၈၉ ခုနှစ်တွင် Aman Resorts ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ဖြစ်သော အင်ဒိုနီးရှား ဟိုတယ်လုပ်ငန်းရှင် အေဒီယန် ဇက်ချာ (Adrian Zecha) Co-Owner အဖြစ်ရယူပြီး အကြီးစားပြန်လည်ပြုပြင်မှုများ စတင်ပြုလုပ်ခဲ့ပြီး၊ ခန်းမဆောင်အသစ်တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်ဟု သိရှိရသည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ထပ်မံပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး၊ outdoor swimming pool အသစ်တစ်ခုကိုလည်း ထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မှတ်ချက် — Strand Hotel မူလအဆောက်အအုံအတွင်းရှိ ယခင်မင်္ဂလာဆောင်ခန်းမ၏ ကြမ်းခင်းအောက်တွင် indoor swimming pool ရှိခဲ့သည်၊ သို့မဟုတ် အောက်ဘက်တွင် လွတ်နေသော နေရာကျယ်ကြီးရှိခဲ့သည်ဟု ရှေးဟောင်းမှတ်ဉာဏ်များနှင့် ပြောစကားများ ရှိပါသည်။ သို့သော် ယင်းအချက်ကို အတည်ပြုနိုင်မည့် မူရင်း floor plan၊ blueprint၊ ပြုပြင်မွမ်းမံမှုမှတ်တမ်း သို့မဟုတ် ရှေးဓာတ်ပုံကို ယခုအချိန်ထိ မတွေ့ရှိရသေးပါ။






























အောင်မျိုးလွင် ( အဂ္ဂ )

No comments:

Post a Comment

The History of Strand Hotel (Rangoon)

  The History of Strand Hotel (Rangoon) At No. 92 Strand Road, British entrepreneur John Darwood built and opened the Strand Hotel as a thre...