Search This Blog ရှာရန်

Friday, January 02, 2026

အလုပ် ( 1 )



အလုပ် ( 1 )







[ ဆရာကြီး ဒေါက်တာသိန်းအောင် (စီးပွားရေးတက္ကသိုလ် ကထိက) အား အမှတ်ရလို့ ရေးပါသည် ]
အလုပ်ဆိုတာ အဓိပ္ပာယ်ဖွင့်ရတာ အရမ်းရိုးရှင်းပါတယ်။ အလုပ်ဆိုတာ "အလုပ်" ပါပဲ။ ဒီလောက် ရိုးရှင်းတာကိုမှ "အလုပ်ဆိုတာ ဘာလဲ" ဆိုပြီး တိုင်ပတ်နေကြသူတွေ များတယ်။ တိုင်းပြည်ခေါင်းဆောင် ဆိုသူကနေ လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင် လေကန်နေသူများ အထိပါပဲ။
လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က အလုပ်ဆိုတာကို အင်္ကျီချွတ်၊ ချွေးတွေထွက်အောင် လုပ်နေမှ အလုပ်လုပ်တယ်လို့ ထင်ခဲ့ကြပေမယ့်၊ ယနေ့ခေတ်မှာတော့ အလုပ်ဆိုတာ "Job done" (ပြီးမြောက်အောင်မြင်ခြင်း) ကိုပဲ ကြည့်ပါတော့တယ်။ ဒါကြောင့်လည်း Work from Home တွေ ပေါ်လာတာပေါ့။
ကျွန်တော်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က ထူးဆန်းတာတစ်ခု မြင်ဖူးတယ်။ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် စက်ရုံတစ်ခုမှာ ဆိုင်းဘုတ်တင်ပွဲ လုပ်တာပါ။ ဆိုင်းဘုတ်မှာ ဘာရေးထားလဲဆိုတော့ "လုပ်အားနှစ်ဆ တိုးမြှင့်ကြ" တဲ့။ အတော်ကြီးတဲ့ ဆိုင်းဘုတ်ပါ။ လာဖွင့်မှာကလည်း နိုင်ငံတော် အတွင်းရေးမှူး (၁) (ယနေ့အခေါ် ဝန်ကြီးချုပ် ဆိုပါတော့)။
ဖွင့်ပွဲမတိုင်မီ ၁ လကြိုတင်ပြီး စက်ရုံဝန်ထမ်းတွေထဲက အမျိုးသမီးငယ်တွေက ပန်းပွားအက၊ နည်းနည်းကြီးတဲ့အရွယ်တွေက ချိတ်ထဘီနဲ့ ယိန်းအက သေချာလေး ကြိုတင်အကကျင့်ကြ၊ အိုးစည်ဗုံမောင်းတွေ အတီးလေ့ကျင့်ကြနဲ့ အလုပ်ရှုပ်နေကြတယ်။ ပြီးတော့ တကယ်ဖွင့်မယ့် တစ်ရက်အလိုမှာလည်း ကောက်ညှင်းပေါင်း၊ ထမနဲတွေကို အိုးကြီးအိုးငယ်နဲ့ ညလုံးပေါက် လုပ်ကြတယ်။
မနက်လင်းအားကြီးမှာ အတွင်းရေးမှူး (၁) ဆိုသူက လာပြီး ဖဲကြိုးဖြတ် ဖွင့်ပေးပြီး မိနစ် ၂၀ လောက်မှာပဲ ပြန်သွားပါတယ်။ ကြည့်ဗျာ... အရမ်းမိုက်တယ်။ အဲ့ဒီ မိနစ် ၂၀ စာလေးအတွက် သူတို့ ပြင်ဆင်လိုက်ကြတာ အဲ့ဒီတစ်လလုံး စက်ရုံမှာ ဘာအလုပ်မှ သေသေချာချာမပြီးဘဲ ဝေလေလေ ဖြစ်ကုန်တယ်။ ဆိုင်းဘုတ်ခေါင်းစဉ်က "လုပ်အားနှစ်ဆ တိုးမြှင့်ကြ" ဆိုလားပဲ။ စဉ်းစားသာ ကြည့်ကြပါတော့။
ဒီကိစ္စမှာ စက်ရုံမှူးတို့ ဘာတို့ကို သွားပြီး အပြစ်မတင်နဲ့။ ဖွင့်ပွဲလာတက်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူကို ပြန်ကြည့်ပါ။ လမ်းဖွင့်၊ တံတားဖွင့်၊ ကျောင်း၊ ဆေးရုံ၊ ရေတွင်း အားလုံး သူတက်တယ်။ ဘုရားထီးတင်လည်း သူပဲ။ တစ်ရက်တစ်ရက် သတင်းကြည့်လိုက်ရင် သူ အဲ့ဒါတွေ တိုင်းပြည်ပတ်ပြီး လုပ်နေတာကို ပြတယ်။ ပြည်သူတွေကလည်း သူ တကယ့်ကို တိုင်းပြည်အတွက် အလုပ်လုပ်တယ်ပေါ့။
ဒီနေရာမှာ တစ်ခုပြောပြမယ်။ နေမဝင်အင်ပါယာရဲ့ ဝန်ကြီးချုပ်ချာချီသာ သူ့လို ဗြိတိသျှအင်ပါယာအောက်ရှိ လမ်းဖွင့်၊ တံတားဖွင့်ပွဲ၊ ကျောင်း၊ ဆေးရုံ ဖွင့်ပွဲတွေသာ လိုက်တက်နေမယ်ဆိုရင်၊ သူစပြီး ဝန်ကြီးချုပ်ဖြစ်တဲ့နေ့ကနေ အနားယူတဲ့နေ့အထိ သူ့ဝန်ကြီးချုပ်ရုံးခန်းဆိုတဲ့ အခန်းက စားပွဲမှာ ထိုင်ဖူးလိုက်မှာတောင် မဟုတ်ဘူး။
#KoAgga #WorkDefinition #Productivity #MyanmarContext #RealWork #Management #Satire #JobDone #TheinAung #UTheinAung

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...