နောင်တ


 


နောင်တ

အာဏာရှိတိုင်း အာဏာကို လွန်လွန်ကဲကဲ သုံးလို့ရမယ်လို့ ထင်ရင် မှားတယ်။

ရေတိုမှာ နိုင်သလိုထင်ရပေမယ့် ရေရှည်ကျတော့ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ရိုက်ချိုးမိသလို ဖြစ်သွားတယ်။ အဲဒါကို အခု ကမ္ဘာက မြင်နေရပြီ။ နောင်တဆိုတာ အဲဒီအချိန်မှ ရတာပါ။

ဒေါ်လာကို ကြည့်ပါ။ အမေရိကန်က သူ့ငွေကြေးကို လက်နက်လို သုံးလာတယ်။ ပိတ်ဆို့တယ်။ ဖိအားပေးတယ်။ ခဏတာတော့ ထိရောက်တယ်။

ဒါပေမယ့် တခြားနိုင်ငံတွေက တွေးလာတယ်။ ဒီလက်နက်အောက်မှာ ဆက်နေရင် တစ်နေ့ ကိုယ့်အလှည့်လည်း လာနိုင်တယ်ဆိုပြီး။ ဒါကြောင့် ဒေါ်လာပေါ် မှီခိုမှုကို လျှော့ချဖို့ နည်းလမ်းတွေ ရှာလာကြတယ်။ ဒေါ်လာကို ကာကွယ်ချင်လို့ လက်နက်လို သုံးလိုက်တာက ဒေါ်လာကို အားနည်းအောင် ကိုယ်တိုင်တွန်းပို့လိုက်သလို ဖြစ်သွားတယ်။

ကနေဒါကို ကြည့်ပါ။ နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းဖြစ်ခဲ့တဲ့ နိုင်ငံကို ကုန်သွယ်ခွန်နဲ့ ဖိတယ်။ ပြည်နယ်တစ်ခုလို ပေါ့ပေါ့တန်တန် ပြောတယ်။

ရလဒ်က ဘာလဲ။ ကနေဒါက အမေရိကန်နဲ့ ပိုဝေးပြီး EU နဲ့ တရုတ်တို့နဲ့ ပိုနီးလာတယ်။ ရန်သူကို တွန်းထုတ်တာမဟုတ်ဘူး။ မိတ်ဆွေကို တွန်းထုတ်လိုက်တာပါ။

EU ကိုလည်း ကြည့်ပါ။ အမေရိကန်က အဓိကမဟာမိတ်ဆိုပေမယ့် အခုတော့ EU က စဉ်းစားလာပြီ။ စစ်ရေးရော ဆက်သွယ်ရေးရော အမေရိကန်ပေါ် အလွန်အကျွံ မှီခိုနေရတာက ကိုယ့်အချုပ်အခြာအာဏာအတွက် အန္တရာယ်ပဲလို့။

စိတ်ချရတဲ့ မဟာမိတ်လို့ ယုံကြည်ခဲ့တာက အခုတော့ သံသယဖြစ်လာပြီ။ EU က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးစားလာတယ်။ ဒါက အမေရိကန်ကို အားနည်းစေရုံသာမက အမေရိကန်ရဲ့ သြဇာကိုပါ လျှော့ချလိုက်တာပဲ။

အီလွန်မာစ်လို စီးပွားရေးသမားကြီးတစ်ယောက် နိုင်ငံရေးထဲ လက်ထည့်လိုက်တဲ့အခါမှာလည်း ဒီလိုပဲ ပြန်သက်ရောက်လာတယ်။ နိုင်ငံရေးအရ သူ့လုပ်ငန်းကို ယှဉ်ပြိုင်လာကြတယ်။ လူတွေက သူ့ကို မယုံကြည်တော့ဘဲ သူ့ထုတ်ကုန်ကို မသုံးဖို့ တခြားနည်းလမ်းတွေ ရှာလာကြတယ်။

စီးပွားရေးသမားက နိုင်ငံရေးအာဏာနဲ့ ပေါင်းရင် အားပိုကြီးမယ်လို့ ထင်ပေမယ့် လက်တွေ့မှာတော့ သူ့လုပ်ငန်းကိုယ်တိုင်က နိုင်ငံရေးပစ်မှတ်ဖြစ်သွားပြီး ယုံကြည်မှုပါ ဆုံးရှုံးရတယ်။ ဒါကလည်း ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ရိုက်တာပဲ။

"Make America Great Again" ဆိုတဲ့ ကြွေးကြော်သံက လူကြိုက်များအောင် ပြောတဲ့စကားသက်သက် ဖြစ်သွားတယ်။ လက်တွေ့မှာတော့ မဟာမိတ်တွေကိုပါ ရန်သူလို ဆက်ဆံလိုက်တော့ "Make America Hate Everyone" လို့ ဖြစ်သွားတယ်။ အဆုံးမှာ ကျန်တာက "America Alone" ပဲ။

ဒါက သင်ခန်းစာမဟုတ်တော့ဘူး။ နောင်တပါ။

လုပ်ပြီးမှ နောင်တရတယ်ဆိုတာ အလကားမဟုတ်ဘူး။ ခြေထောက်ကျိုးပြီးမှ ဘယ်သူက ရိုက်ချိုးမိမှန်း သိတာက နောက်ကျလွန်းတယ်။

#နောင်တ #DeDollarization #AmericaAlone #Canada #EU #Trump

Comments