အတုယူသင့်တဲ့ တရုတ်ကြောရိုးစနစ်

တရုတ်မှာ ပြဿနာပေါ်တိုင်း စနစ်က ဘာကြောင့် မြန်မြန်ပြင်နိုင်လဲ။ အဖြေက ကွင်းဆက်တစ်ခုတည်းမှာ ရှိတယ် — ပြဿနာကို သိတဲ့ အာရုံခံ၊ ဆုံးဖြတ်တဲ့ ဦးနှောက်၊ အကောင်အထည်ဖော်တဲ့ လက်၊ ပြန်ကြည့်တဲ့ မျက်စိ။ ဒီကွင်းဆက်ပဲ တရုတ်ရဲ့ ကြောရိုးပဲ။ ဒီစာက အဲဒီကွင်းဆက်ကို အခန်း သုံးခန်းနဲ့ ကြည့်တယ်။

၁။ ယုံကြည်မှု

တရုတ်စီးပွားရေးမှာ ပုဂ္ဂလိက ကဏ္ဍက တရုတ် GDP ရဲ့ ၆၀% ကျော်၊ မြို့ပြ အလုပ်အကိုင်ရဲ့ ၈၀% ကျော်၊ နည်းပညာ တီထွင်မှုရဲ့ ၇၀% ကျော်ကို ဖန်တီးတယ်။

ဒါကြောင့် GDP ကြီးထွားဖို့ ဆိုတာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကြီးထွားဖို့နဲ့ အတူတူပဲ။ ရင်းနှီးမြှုပ်နှံမှုက လုပ်ငန်းရှင်ရဲ့ ယုံကြည်မှု (信心) ပေါ်မှာ မူတည်တယ်။

တရုတ် ခေါင်းဆောင်တွေကိုယ်တိုင်က "ယုံကြည်မှုက ရွှေထက် အဖိုးတန်တယ်" လို့ ပြောဖူးတယ်။ ယုံကြည်မှု ပျက်ရင် ရင်းနှီးမှု ရပ်တယ်၊ အလုပ် လျော့တယ်၊ စားသုံးမှု ကျတယ်၊ GDP နှေးသွားတယ်။

ဒီယုံကြည်မှု တန်ဖိုးတရားကို တရုတ်ပြည်မှာ ထိခိုက်သက်ရောက်သွားတဲ့ အကြောင်းအရာ ၂ ခုရှိတယ်။

ပထမ တစ်ခုက ပြောလိုက်တာနဲ့ အားလုံးသိတဲ့ အလီဘာဘာရဲ့ ဂျက်မာ Jack Ma တရုတ်အစိုးရကို ဝေဖန်လို့ အရေးယူလိုက်တဲ့ကိစ္စ၊ Ant Group ရဲ့ ဒေါ်လာ ၃၇ ဘီလီယံ IPO ကို ရပ်ပစ်လိုက်တယ်။ ၂၀၂၁ မှာ Didi၊ သင်တန်းကျောင်း လုပ်ငန်းတစ်ခုလုံး (双减 မူဝါဒနဲ့ တစ်ညတည်း ဖျက်သိမ်း)၊ Alibaba ကို ဒေါ်လာ ၂.၈ ဘီလီယံ ဒဏ်ရိုက်တယ်။

လုပ်ငန်းရှင်တွေ ရလိုက်တဲ့ သင်ခန်းစာက ရှင်းတယ် — စည်းမျဉ်း တစ်ညတည်း ပြောင်းနိုင်တယ်၊ ဘယ်လောက် ကြီးတဲ့ ကုမ္ပဏီဖြစ်ဖြစ် ပြိုလဲနိုင်တယ်။

ဒီသင်ခန်းက စီးပွားရေးသမားများစွာကို ၎င်းတို့ငွေကြေးတွေကို ပြည်ပသို့နည်းမျိုးစုံဖြင့် ပို့ပြီး ပိုင်ဆိုင်မှုတွေကို ခွဲထုတ်ခြင်း၊ တရုတ်ပြည်ထဲမှာ လုပ်ငန်းတွေမတိုးချဲ့ဘဲ၊ ငွေကို ကိုင်ထားပြီး ကုတ်ကုတ်လေးနေရမယ်ဆိုတဲ့ သက်ရောက်မှုဖြစ်စေခဲ့တယ်။

ဒုတိယ တစ်ခုက လူတိုင်းမသိတဲ့ ကိစ္စ၊ တရုတ်ပြည်မှာတော့ 远洋捕捞 (ဝေးလံ့တဲ့ ငါးဖမ်းခြင်း) ဆိုပြီး ခေါ်ကြတယ်၊ ရှင်းရှင်းပြောရမယ်ဆိုရင် စီးပွားရေး သမားတွေကို ပြည်နယ်ကျော် အမှုရှာဖမ်းစီးခြင်း၊ ပြည်နယ်ဝင်ငွေရှာတဲ့ ကိစ္စ။

တရုတ်ပြည်မှာ ဗဟိုအစိုးရက ပြည်နယ်တွေကို ငွေကြေးထုတ်ချေးတယ် ဖွံ့ဖြိုးရေးတွေအတွက်၊ ဒီတော့ ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရထံ ချေးငွေတွေယူပြီး ဖွံ့ဖြိုးရေးတွေလုပ်တယ်၊ မြို့နယ်သစ်ဖော်ဆောင်မယ့် စီးပွားရေးသမားကြီးတွေကို မြေယာတွေရောင်းချပြီး ရရှိတဲ့ငွေနဲ့ ပြည်နယ်ကြွေးမြီတွေကိုဆပ်ကြတာ။


အများသိတဲ့အတိုင်း တရုတ်ပြည်မှာ အိမ်ယာစီမံကိန်းကြီးတွေ စီးပွားပျက်လာတော့ မြေအရောင်းအဝယ်တွေမဖြစ်တော့ဘူး၊ ဒီတော့ ပြည်နယ်က ဗဟိုအစိုးရကိုပေးရန်အကြွေးနွံထဲနစ်လာတယ်၊ ဒီတော့ ပြည်နယ်အတွင်း တရုတ်စီးပွားရေးသမားကြီးတွေနဲ့ ဆိုင်တဲ့ အမှုရှာတယ်၊ ထိုဖြစ်စဉ်ထဲမှာ VPN အမှုကိစ္စက နာမည်ကြီးတယ်၊ VPN ဆိုတာသိတယ်မဟုတ်လား၊ အင်တာနက်ကို တရားမဝင်ကျော်ခွနိုင်တဲ့ စနစ်။

အဲ့ဒီပြဿနာက ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ရှန်ဟိုင်း ကုမ္ပဏီ တာဝန်ခံ တစ်ယောက်ကို ဟူနန် ရှောင်ယန်ခရိုင်ရဲက ပြည်နယ်ကျော်ပြီးဖမ်းတဲ့ကိစ္စ၊ ရှန်ဟိုင်းက ကုမ္ပဏီတစ်ခုဟာ ပြည်ပနိုင်ငံက VPN ရေးပေးဖို့အလုပ်အပ်လို့ ရေးပေးလိုက်တာ၊ အဲ့ဒီ VPN ကို ဟူနန်ဘက်မှာ သုံးသူရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုဖွင့် ပြည်နယ်ကျော်ပြီးဖမ်းတဲ့ ကိစ္စပေါ့၊ အဲဒီသုံးသူတွေကလည်း သားကောင်တောင် မဟုတ်ဘူး၊ သက်သေအဆင့်မျှသာ၊ သူတို့ ထိုလုပ်ငန်းရှင်ကို ဖမ်းပြီးဟိုတယ်တစ်ခုမှာ ယာယီထိန်းသိမ်းထားလိုက်တယ်၊ ပြီးတော့ ထွက်ပေါက်ပေးတယ်၊ သူတို့ ပြည်နယ်အတွက် ဒဏ်ငွေအဖြစ် ယွမ် သိန်း ၈၀ ကနေ ၁၀၀ အထိ တက်တောင်းတယ်၊ လာဘ်စားတာမဟုတ်ဘူး၊ ပြည်နယ်မှာ ဝင်ငွေနည်းနေလို့ ငွေရှာတာ၊ နောက်ဆုံး ယွမ် သိန်း ၁၀၀ ပေးလိုက်ရတယ်၊ အာမခံနဲ့ လွတ်လာပြီးမှ အမှုတွဲတခြားသူတွေအတွက် ထပ်တောင်းလို့ ငြင်းလိုက်တော့ ထပ်ထိန်းသိမ်းခံရတယ်၊ အဲ့ဒီမှာ သူ့ကိုဖမ်းထားတဲ့ ဟိုတယ်အခန်းထဲက လုံခြုံရေးကင်မရာမှ ရုပ်သံက အပြင်ကို ပျံသွားတယ်၊ ထုံးစံအတိုင်း တရုတ်အစိုးရက သတင်းဖယ်ရှားပြီး ဒီကိစ္စကို စုံစမ်းအဖြေရှာတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သင်ခန်းစာယူသင့်တဲ့ အပိုင်းရောက်ပြီ၊ သုတေသနဌာနများရဲ့ အစီရင်ခံစာတွေအရ အဲ့ဒီအမှုမှာ ပါဝင်တဲ့ ပြည်နယ် ရဲမှုကြီးတွေကို အလုပ်ကရပ်နားလိုက်တယ်၊ သေဒါဏ်မပေးဘူး၊ ဘာကြောင့်လဲဆိုတော့ လာဘ်စားသူက လူမဟုတ်ဘူး၊ ပြည်နယ်ဖြစ်နေတယ်။ ဒီတော့ စနစ်တွေချက်ချင်းပြင်တယ်။

၂၀၂၅ မှာ တရားလွှတ်တော်ချုပ်နဲ့ ရဲ ဝန်ကြီးဌာနက အကျိုးအမြတ် လိုက်စားတဲ့ ဥပဒေ စိုးမိုးမှု (趋利性执法)၊ စည်းမဲ့ နယ်ခြား ဖြတ်ကျော် ဥပဒေ စိုးမိုးမှုနဲ့ စီးပွားရေး အငြင်းပွားမှုမှာ ရာဇဝတ်မှု နည်းနဲ့ ဝင်စွက်တာတွေကို အထူး စစ်ဆေးပြုပြင်တဲ့ လှုပ်ရှားမှု လုပ်ခဲ့တယ်။ ပြီးတော့ ပုဂ္ဂလိက စီးပွားရေး ဥပဒေက ဒီအပြုအမူတွေကို တိတိကျကျ ကာကွယ်ပေးလိုက်တယ်။

အင်မတန်ကြီးမားတဲ့ တရုတ်ပြည်မှာ ပြဿနာတစ်ခုကို အချိန်တိုအတွင်း အဖြေရှာပြီး အချိန်တိုအတွင်း ရှင်းလင်းပြတ်သားပြီး ကောင်းမွန်တဲ့အဖြေထုတ် ဖြေရှင်းနိုင်ခဲ့တဲ့ စနစ်ကို လေ့လာသင့်တယ်၊ အဲ့ဒီအခါ သူတို့မှာ သုတေသနအဖွဲ့ ၂ မျိုးနဲ့ အကောင်အထည်ဖော်တဲ့ ဝန်ကြီးဌာနဟာ ပြည်တွင်းရေး နိုင်ငံတကာအရေးမှာ အာရုံခံစနစ်အဖြစ်နဲ့ တည်ရှိပြီး ဗဟိုဦးနှောက်စနစ်ပါ ထည့်သွင်းထားတဲ့ ပုံစံကို ရှာတွေ့နိုင်ပါတယ်။


မှတ်ချက် - ယူနန်ပြည်နယ် မန်စီနဲ့ရွှေလီမှာ မြန်မာ့ နိုင်ငံရေး၊စီးပွားရေ၊လူမှုရေး လေ့လာသည့် သုတေသနဌာနရှိပြီး မြန်မာ့လူမှု အလွှာစုံဖြင့် ထိတွေ့ပြီး အချက်အလက်ရယူပါတယ်။


၂။ အာရုံခံနဲ့ ဦးနှောက်

အထက်မှာ ပြဿနာကို မြန်မြန်ပြင်နိုင်တဲ့ စနစ်ကို တွေ့ခဲ့တယ်။ အခု မေးစရာက ဒီလိုပဲ — ပြဿနာရှိနေတာကို အဲဒီစနစ်က ဘယ်လိုသိလဲ။


အဖြေက သုံးပိုင်းနဲ့ ဖွဲ့ထားတဲ့ ကွင်းဆက်ပဲ — အာရုံခံ၊ ဦးနှောက်၊ လက်။

အာရုံခံက သုတေသနအဖွဲ့ ၂ မျိုး။ ပထမတစ်ခုက CASS (中国社会科学院 — တရုတ် လူမှုသိပ္ပံအကယ်ဒမီ)။ တရုတ်ရဲ့ အကြီးဆုံး လူမှုသိပ္ပံအဖွဲ့၊ ပညာရှင်ရာချီရှိတယ်၊ သုတေသနလုပ်ရုံတင်မဟုတ်ဘူး၊ အစိုးရအတွက် အတွေးအခေါ်အဖွဲ့ (智库 — ကျီ့ခူ) အဖြစ်ပါ အလုပ်လုပ်တယ်။ သူတို့ရဲ့ အစီရင်ခံစာတွေက အဆင့်မြင့်ခေါင်းဆောင်တွေဆီ တိုက်ရိုက်ရောက်တဲ့ လမ်းကြောင်းရှိတယ်။

ဒုတိယတစ်ခုက DRC (国务院发展研究中心 — နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးရေးသုတေသနစင်တာ)။ နိုင်ငံတော်ကောင်စီ တိုက်ရိုက်လက်အောက်ခံ၊ စီးပွားရေးနဲ့ လူမှုရေး မူဝါဒကို သုတေသနလုပ်တယ်၊ ၅ နှစ်စီမံကိန်းတွေမှာ ပါဝင်တယ်။ သူ့ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍက ဝန်ကြီးဌာနတွေရဲ့ မူဝါဒကို အမှီအခိုကင်းကင်း ပြန်စစ်ပေးတာပဲ — ကိုယ့်ဌာနကိုယ်စစ်တာ မဟုတ်ဘူး၊ တခြားအဖွဲ့က စစ်တာ။

ဒီအဖွဲ့တွေရဲ့ အလုပ်က မြေပြင်ကို ဆင်းတယ် — ကွင်းဆင်းလေ့လာတယ်၊ စစ်တမ်းကောက်တယ်၊ ဒေသတွေက အချက်အလက်စုတယ်၊ ပြည်ပကိုပါ လေ့လာတယ်။ ပြီးရင် အဲဒီအချက်အလက်တွေကို အတွင်းပိုင်း အစီရင်ခံစာ (内参 — နေစန်) အဖြစ် ရေးပြီး ခေါင်းဆောင်တွေဆီ တင်တယ်။ ဒါက အများပြည်သူ သတင်းစာမှာ မပါတဲ့ အချက်အလက်၊ ပိုပြီး အမှန်နဲ့ နီးတဲ့ အချက်အလက်။

ဒီနေရာမှာ ကွင်းဆက်ရဲ့ အဓိကအချက်ရောက်ပြီ — ခေါင်းဆောင်က အစီရင်ခံစာကို ဖတ်ပြီး စာနဲ့ ညွှန်ကြားချက် (批示 — ဖီရှီ) ရေးလိုက်ရင် အဲဒီအစီရင်ခံစာက မူဝါဒစာတမ်း ဖြစ်သွားတယ်။ စာရွက်ပေါ်က အကြံပြုချက်ကနေ အမိန့်ဖြစ်သွားတာ။

ဒါက စာရွက်ပေါ်က စကားမဟုတ်ဘူး၊ နံပါတ်နဲ့ သက်သေပြလို့ရတယ် — ရှင်ဟွာ သတင်းဌာနရဲ့ အတွင်းအစီရင်ခံစာတွေထဲက ဗဟိုခေါင်းဆောင်တွေ ညွှန်ကြားချက်ရေးခဲ့တာ ၂၀၀၅ မှာ ၁၄၆၀ စောင်၊ ၂၀၁၁ မှာ ၄၅၅၇ စောင် — ၆ နှစ်အတွင်း ၃ ဆကျော် တက်သွားတယ်။ ခေါင်းဆောင်တွေ တကယ်ဖတ်တယ်၊ တကယ်ညွှန်ကြားတယ်ဆိုတဲ့ သဘောပဲ။

ပြီးတော့ လက်က NDRC (国家发展和改革委员会 — နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်)။ "မီနီနိုင်ငံတော်ကောင်စီ" လို့ တင်စားခံရတဲ့ ဝန်ကြီးဌာန၊ ၅ နှစ်စီမံကိန်းကို ရေးဆွဲတယ်၊ ကြီးမားတဲ့ စီမံကိန်းတွေကို အတည်ပြုတယ်၊ စျေးနှုန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဒေသဖွံ့ဖြိုးရေးကို ကိုင်တယ်။ ၂၀၀၃ မှာ ဒီပုံစံ ဖြစ်လာတယ်၊ ၂၀၁၅ မှာ အဆင့်မြင့် အတွေးအခေါ်အဖွဲ့ ၂၅ ခုကို ပထမအသုတ် တရားဝင် သတ်မှတ်တယ်၊ ၂၀၂၃ မှာ ပုဂ္ဂလိကစီးပွားရေး ဖွံ့ဖြိုးမှုဗျူရို ထောင်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပုံမှန် စကားပြောတယ်။

အထက်က VPN အမှုကို ဒီကွင်းဆက်နဲ့ ပြန်ကြည့်ရင် ပိုရှင်းတယ် — အာရုံခံ → ဦးနှောက် → လက် → ပြန်အာရုံခံ။ ဒါက ကြောရိုးစနစ်ရဲ့ အသက်ပဲ။

ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒီအာရုံခံက စနစ်ထဲက အာရုံခံပဲ — အထက် ခေါင်းဆောင်ကို အပြစ်တင်တဲ့ အစီရင်ခံစာ မတက်ဘူး၊ တစ်ခါတစ်ရံ နှေးတယ်၊ ကိုယ်ကြားချင်တာပဲ ကြားရတဲ့ အန္တရာယ်ရှိတယ်။ ဒါကြောင့် သင်ခန်းစာက "တရုတ်စနစ် ပြီးပြည့်စုံတယ်" မဟုတ်ဘူး — "သတင်းဆိုးကို မြန်မြန်ကြားရတဲ့ စနစ်က သတင်းဆိုးကို လုံးဝမကြားရတဲ့ စနစ်ထက် သာတယ်" ဆိုတာပဲ။

အနောက်နိုင်ငံတွေမှာလို ပွင့်လင်းမြင်သာရှိတဲ့ မီဒီယာရှိလျှင် အထက်က ပြဿနာကိုဖြေရှင်းနိုင်တယ် သို့သော် တရုတ်မှာ အဲ့ဒီစနစ် အပြည့်အဝ အလုပ်မလုပ်ဘူး။

၃။ လက်နဲ့ မျက်စိ

အထက်မှာ အာရုံခံနဲ့ ဦးနှောက်အကြောင်း တွေ့ခဲ့တယ်။ အခု မေးစရာက ဒီလိုပဲ — ဦးနှောက်က ဆုံးဖြတ်ပြီးရင် လက်က ဘယ်လိုလုပ်လဲ၊ ပြီးတော့ လက်က တကယ်လုပ်မလုပ် ဘယ်သူသိလဲ။ အဖြေက AI အခြေပြု အင်တာနက် အလုပ်စနစ်။

ဒီအပိုင်းက အဲဒီဦးနှောက်ရဲ့ လက်နဲ့ မျက်စိ — ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ပြီး အလုပ်ကို မြင်ရအောင် လုပ်တဲ့ အစိုးရယန္တရားထဲက စနစ်။ ဒီစနစ်ကြောင့် တာဝန်ရှိသူတိုင်းရဲ့ အလုပ်တာဝန်၊ လုပ်ဆောင်မှုကြာချိန်၊ လုပ်ဆောင်မှုတွေကို အထက်က တိုက်ရိုက်ကြည့်လို့ရတယ်။ အလုပ်တစ်ခုက စာရွက်ပေါ်မှာ ပျောက်မသွားဘူး၊ ကွန်ရက်ပေါ်မှာ ခြေရာကျန်တယ်။

အလုပ်စနစ်က အဆင့်ဆင့်ပဲ။ ဥပမာ — နိုင်ငံသားတစ်ယောက်က ၁၂၃၄၅ ဖုန်းကို ဆက်တယ်၊ AI က တိုင်ကြားချက်ကို ခွဲခြားပြီး သက်ဆိုင်ရာ ဌာနကို အလုပ်စာရွက်အဖြစ် ပို့တယ်။ ပေကျင်းမှာ ပို့တာ ပျမ်းမျှ ၃.၇ မိနစ်၊ မှန်ကန်မှု ၉၅%။ အလုပ်စာရွက်တိုင်းမှာ တာဝန်ခံဌာန၊ အချိန်ကန့်သတ်ချက်ပါတယ်၊ ပြီးရင် နိုင်ငံသားကို ပြန်ဆက်ပြီး ကျေနပ်မှုကို မေးတယ်။

အချိန်ကန့်သတ်ချက်က အတိအကျပဲ — အရေးပေါ်ကိစ္စ ၂ နာရီအတွင်း အစီရင်ခံရမယ်၊ ရေ/မီး/ဓာတ်ငွေ့ ၂၄ နာရီအတွင်း ဖြေရှင်းရမယ်၊ ကျန်တာ ၇ ရက်၊ ဌာနစုံကိစ္စ ၁၅ ရက်၊ အများဆုံး ၃၀ ရက်။ အချိန်ကျော်ရင် အမှုတွဲက ကျန်နေတဲ့အမှုဖြစ်ပြီး တာဝန်ခံဌာနရော၊ အထက်ရော နာမည်ပျက်တယ်၊ စုံစမ်းပြီ။

အောက်ခြေမှာလည်း အတူတူပဲ — မြို့ကို ဇုန်သေးသေးလေးတွေ ခွဲတဲ့ စနစ် (网格化 — ဝမ်ကော့ဟွာ)။ ဇုန်တစ်ကွက်မှာ တာဝန်ခံတစ်ယောက်၊ အိမ်ခြေ ၂၀၀ လောက် ကိုင်တယ်၊ လှည့်လည်ကြည့်တယ်၊ ပြဿနာတွေ့ရင် app ကနေ တင်တယ်၊ အထက်ကနေ အလုပ်စာရွက် ဖြစ်သွားတယ်၊ ပြီးစီးမှု အမှတ်ပေးတယ်။


ဝန်ဆောင်မှုဘက်မှာ ဝက်ဘ်ဆိုက်တစ်ခုတည်းက ဝန်ဆောင်မှုအားလုံး (一网通办 — ရီ့ဝမ်ထုန်ပန်) — ရှန်ဟိုင်းမှာ ဝန်ဆောင်မှု ၃၁၅၆ မျိုး၊ အသုံးပြုသူ သန်း ၈၉ ကျော်၊ လျှောက်လွှာပေါင်း သန်း ၈၀၅ ကျော် ကိုင်တွယ်ပြီးပြီ။ မြို့အုပ်ချုပ်မှုဘက်မှာ ကွန်ရက်တစ်ခုတည်းက မြို့ကို စီမံတယ် (一网统管 — ရီ့ဝမ်ထုန်ကွမ်)၊ ဟန်ကျိုးရဲ့ မြို့တော်ဦးနှောက် (城市大脑 — ချန်ရှီ တာ့နောက်) က ကင်မရာ၊ GPS၊ ဌာနတွေရဲ့ အချက်အလက်ကို တပြိုင်နက် သုံးသပ်ပြီး မီးပွိုင့်ချိန်တယ်၊ လမ်းပေါ် ပျမ်းမျှအမြန်နှုန်း ၁၅% ကျော် တက်တယ်၊ လူနာတင်ကား လမ်းရှင်းပေးတယ်။

အလုပ်ကို မြင်ရတော့ ဆုပေး ဒဏ်ပေး စနစ်ကို မိမိရရ အကောင်အထည်ဖော်နိုင်တယ်။ ပေကျင်းမှာ ခရိုင်တွေကို တုံ့ပြန်မှု၊ ဖြေရှင်းမှု၊ ကျေနပ်မှု နှုန်းတွေနဲ့ အမှတ်ပေးပြီး အဲဒီအမှတ်က တာဝန်ရှိသူတွေရဲ့ အကဲဖြတ်နဲ့ ရာထူးတိုးကို သက်ရောက်တယ်။ အရည်အချင်းရှိဝန်ထမ်း (ရွက်ပုံးသီး — ဖုံးကွယ်နေတဲ့ အရည်အချင်းရှိသူ) တွေကို မြင်ရတယ်၊ မြှောက်စားလို့ရတယ်၊ လိုတဲ့နေရာကို တိုက်ရိုက်ခိုင်းစေလို့ရတယ်။ စာရွက်ပေါ်က အစီရင်ခံစာနဲ့ မဟုတ်ဘူး၊ အချက်အလက်နဲ့ ဆုံးဖြတ်တာ။

ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဒီစနစ်က တစ်ဖက်က ဖိအားလည်း ဖြစ်တယ် — အချိန်မီအောင် လုပ်ဖို့ တာဝန်ကို အောက်ကို တွန်းချတာ၊ ကိန်းဂဏန်းလှအောင် လုပ်တာ၊ ဌာနတွေက အလုပ်ကို hotline ပေါ် လွှဲချတာ ရှိတယ်။ မျက်စိက လူကို ကြည့်သလို လူကလည်း မျက်စိကို လှည့်စားတတ်တယ်။ ဒါကြောင့် သင်ခန်းစာက "စောင့်ကြည့်ရေး" မဟုတ်ဘူး၊ "မြင်ရရေး" ပဲ — အလုပ်ကို မြင်ရမှ တာဝန်ယူမှု ရှိတယ်။


အဖြေက ယနေ့ဘာဖြစ်နေလဲ?

မြန်မာမှာ ဒီကွင်းဆက်မရှိဘူး။ ခေါင်းဆောင်တွေဆီ ရောက်တာက ချီးမွမ်းစကားနဲ့ သတင်းကောင်း၊ ပြဿနာကို မြေပြင်ကနေ အထက်ကို တင်ပေးတဲ့ အဖွဲ့မရှိဘူး၊ တင်ပေးရင်လည်း အရေးယူမယ့် လက်မရှိဘူး။ အစိုးရအလုပ်က မမြင်ရဘူး — ဘယ်သူ့အလုပ်လဲ၊ ဘယ်လောက်ကြာလဲ၊ ဘယ်သူက ဘာတာဝန်ယူလဲ၊ စာရွက်ပေါ်မှာ ပျောက်သွားတယ်။ နိုင်ငံသားက တိုင်ရင်လည်း ဘယ်ကိုရောက်သွားလဲ မသိဘူး။ တိုင်ကြားလို့ရတဲ့ ဖုန်းတော့ ရှိတယ် — ပြည်ထဲရေးရဲ့ 067-3412162။ ဒါပေမဲ့ အဲဒီဖုန်းဆက်ပြီးရင် အလုပ်စာရွက် ဖြစ်လား၊ အချိန်ကန့်သတ်ချက် ရှိလား၊ ဘယ်သူက တာဝန်ယူလဲ မြင်ရလား — ဒါက ကွာခြားချက်ပဲ။

အခန်း ၁ ရဲ့ မှတ်ချက်အတိုင်းပဲ — တရုတ်က ငါတို့ကို မန်စီ၊ ရွှေလီကနေ လေ့လာနေတယ်၊ ငါတို့က ကိုယ့်ဟာကိုယ် မလေ့လာဘူး။ အတုယူသင့်တာက တရုတ်နိုင်ငံရေး မဟုတ်ဘူး၊ ကွင်းဆက်ပဲ — မြန်မာ့ပြဿနာကို မြန်မာ့ပညာရှင်တွေ မြန်မြန်သိ၊ ခေါင်းဆောင်တွေ မြန်မြန်ဆုံးဖြတ်၊ အကောင်အထည်ဖော်တဲ့ ဌာနက မြန်မြန်လုပ်၊ ပြီးရင် ပြန်စီစစ်၊ အလုပ်တိုင်းကို အလုပ်စာရွက်ဖြစ်အောင်၊ အချိန်ကန့်သတ်ချက်နဲ့၊ အထက်က မြင်ရအောင်၊ ပြီးစီးမှု အမှတ်နဲ့ လုပ်တဲ့ Web Base, App စနစ်။ စောင့်ကြည့်ဖို့ မဟုတ်ဘူး၊ တာဝန်ယူဖို့။

သူတို့က ငါတို့ကို လေ့လာနေတဲ့အချိန်မှာ ငါတို့က ကိုယ့်ဟာကိုယ် ရှုပ်နေတယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် လေ့လာဖို့ အချိန်တန်ပြီ။ တာဝန်ကို အထက်က မြင်ရမှ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်။ မျက်စိမမြင်တဲ့ အစိုးရက မျက်ကန်းအစိုးရပေါ့။


#တရုတ် #စီးပွားရေး #မြန်မာ

Comments