Tuesday, August 24, 2010

ကြောက်ရွံ့ခြင်း

ဒီနေ့ မိတ်ဆွေတွေနဲ့ တွေ့တော့ စကားအကြောင်းအရာ နှစ်ခုကို ဆွေးနွေးဖြစ်တယ်၊ အဲ့ဒီ ၂ ခုထဲက တစ်ခုက ကြောက်ရွံ့ခြင်း ဆိုတာလေးကို ပါ၊ ကျွန်တော်တို့ နောက်ဆုံး အဆုံးသက်မှာတော့ ကြောက်ရွံ့ ခြင်းဆိုတာဟာ ခံယူချက် / ယုံကြည်ချက် ပေါ်တည်မှီနေပါတယ် ခံယူချက် / ယုံကြည်ချက် ဆိုတာကလဲ၊ အသိပညာပေါ်မှာ တည်မှီ တယ်လို့ အဖြေကို အားလုံးက လက္ခံကြပါတယ်။

ဒီနေရာမှာ ခွေးတွေ ကြောင်တွေတောင် ခြောင် ပိတ်ရိုက်ရင် ပြန်ကိုက်တက်ပါတယ်၊ အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုး ပျက်ရွင်းအောင် အထိ အနိုင့် အထက်ပြုလာရင် ၄င်းရဲ့ ကြောက်စိတ်တွေ ပျောက်သွားတက်ပါတယ်။

ကျွန်တော် ဒီနေ့ရလိုက်တာက အသိပညာ အရေးကြီးတယ်ဆိုတာပါ၊ ကျွန်တော်တို့ အသိပညာဆိုတာကိုဘဲ ခွဲခြာသိရှိဘို့ အများကြီလှိုသေးတယ် ဆိုတာကို တွေးရင် အိမ်ပြန်လာခဲ့မိတယ်၊

လူတစ်ယောက်မှာ အခြေခံအားဖြင့် လူမှု့ရေး အသိပညာ၊ ကျန်းမာရေးအသိပညာ စတာတွေ အပြင် နိုင်ငံရေး အသိပညာလဲ ရှိသင့်တယ်၊ ကျွန်တော်တို့ မှာ နိုင်ငံရေး အသိပညာ ကသိပ်ပြီး လေ့လာခွင့်မရခဲ့တော့ အဲ့ဒီ အသိပညာ မရှိဘူး မရှိတော့ ခံယူချက် / ယုံကြည်ချက် သိပ်မရှိဘူး၊့ ဒီတော့ ဘာမှန်း အသိဘဲနဲ့ ကို ကြောက်တက်လာတယ်။

Tuesday, August 17, 2010

လူထု သူကြီး

အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။


အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။


လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုူထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။



မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခုလူထုက မကြိုက်နိုင်တော့ ပြီဟု ဆိုသည်။ ထိုကဲ့သို့ ခေတ်မမီသည့် သူကြီးများကို ယခုမျက်စိကျယ်သော တက်လူများက မလိုချင်တော့ပြီ။ မျက်စိကျယ်သော လူထုသည် မျက်စိကျဉ်းသော သူကြီးကိုမကြည့်လိုတော့ပြီ။



"ဒီသူကြီးတွေဟာ ဗြူလိုကလား နက်စိတ် ဝင်နေပြီး။ ပြုပြင်လို့ မရတော့ဘူး။ ခေတ်မမီတော့ဘူး။ ဖြုတ်ပစ်ဖို့ပဲ ကောင်းတော့တယ်"


"သူကြီး ရွေးတင်တဲ့ အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ် လူကို တင်ဖို့ လိုတယ်။ အဘိုကြီးတွေ တင်လို့ မဟန်ဘူး။ ဘုန်းကြီးအို ကျောင်းပေါ် တင်သလိုပေါ့ကွ။ ခဏခဏဘုန်းကြီးပျံ လုပ်နေရမယ်။



ဤ အသံများကား ခေတ်၏ ကြွေကြော်သံများ ဖြစ်လေသည်။ သို့နှင့်ရှိရင်းစွဲ သူကြီးများကို ရာထူးမှရပ်စဲကာ လူထုသူကြီးများကို ပြန်လည်ရွေးကောက်ရန် လျှောက် လွှာများ ခေါ်ရလေသည်။


မောင်ပြုံးချို၏ ရုံးတွင် လျှောက်လွှာတွေ ဟီးတိုက်၍ ဝင်လာလေသည်။ အချို့ သူကြီးလူပါးများကမှု ရွာထဲ၌ ကြော်ငြာခြင်း မရှိဘဲ တိတ်တဆိတ်ပြိုင်သူမရှိသကဲ့သို့ တစ်ယောက်တည်းလာ၍ လျှောက်လွှာတင်ကြသည်။


သည်အချိန်တွင် မြို့ပိုင်တွေ အခက်အခဲနှင့် အတွေ့ရဆုံး အချိန်ဖြစ်သည်။ အသက်ငါးဆယ့် ငါးနှစ် ကျော်၍ပြန်လည် လျှောက်ထားခွင့် ရတော့မည် မဟုတ်သော သူကြီးကိစ္စကိုလည်း သူ ဂရုမစိုက်၊ အခွန်ကောက်ရန်ကိုလည်း သူမမှု၊ ရုံးအမိန့်ကိုလည်း မနာခံ၊ ထင်ရာကြဲလေတော့သည်။ ပြုတ်မဲ့တူတူမထူးတော့ပါဘူးဆိုကာ ကြက်ဝိုင်းကလေးများလည်း တိတ်တိတ်ပုန်း ထောင်လိုက်သေးသည်။ အရက်ကလေးများလည်း ချက်လိုက်သေးသည်။


ပြန်လည် အရွေးခံမည့် သူကြီးများမှာတော့ မဲ အရေးမို့ကြိုးစားပါ ကျွန်တော်တို့မှာ ချွေးတလုံးလုံး ဖြစ်နေကြလေတော့သည်။ တစ်နှစ်ကြာလို့မှရုံးသို့ခြေဦးမလှည့်ဖူးသည့် သူကြီးပေ သူကြီးကပ်များလည်း သူတို့အိမ်နှင့်ရုံးအိမ်ဦး နှင့် ကြမ်းပြင် ဖြစ်နေလေသည်။ ရွာသားတွေအတွက် အမတော်ကြေး လျှောက်ပေးရသည်မှာလည်း အမော။ သူ့ရွာတွင် လူအများ အလုပ်အကိုင်မဲ့၍ စားရမဲ့ သောက်ရမဲ့ဖြစ်နေပါသည်ဟု ဆိုကာ အငတ်စာရင်းတွေကိုလည်း တပြုံတခေါင်းကြီး လာပေးလိုက်သေးသည်။ သူ့အားမဲပေးမည့်သူတွေကို အကုန်လုံး စာရင်းတွင် ထည့်လာလေတော့သည်။


တစ်ပွဲတစ်လမ်း အကဲစမ်း ကြမည့် သူကြီးလောင်းတွေကလည်း လူထု အတွက် ပျာပျာသလဲ တအားခဲပြီး အလုပ်လုပ်နေကြလေသည်။ဟိုမှာလည်း သူတို့ ၊ သည်မှာလည်း သူတို့ကိုပဲ ရှောင်၍ပင် မလွတ်။ အချို့လည်း ရိုးရိုးသားသားပင် မိမိ သဘောကျသလို နိုင်ငံရေး ပါတီ များ၏ လက်မှတ်ကို ယူထားကြလေသည်။


အချို့လည်း မဲရရုံလောက်သာ ရည်ရွယ်လျက် အရေ အမျိုးမျိုး ကို ခြုံထားကြလေသည်။ မောင်ပြုံးချို၏ နယ်တွင် ဂွချောင်းရွာသည် နာမည်အကြီးဆုံး ဖြစ်သည်။ နွားခိုးတို့၏ ပုန်းအောင်းရာ ဒေသ ဖြစ်သည်။အရက်သမား တို့၏ မှီခိုရာလည်း မည်သည်။ ဓားပြ၊ သူခိုး ၊ ကိုလူဆိုးတို့၏စံပျော်ရာလည်း ဟူ၏ ။ ထိုကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်းဆယ့်ငါးနှစ် လောက်ကတည်းက စိုးမိုးအုပ်ချုပ်ခဲ့သော သူကြီးမင်း ဦးဘချစ်သည် သူ၏ရာဇပလ္လင် မငြိမ်မသက်ရှိ နေသည်ကို တုန်လှုပ်သောအမူအရာဖြင့် အကဲခတ် လျက် ရှိသည်။ သူနှင့် ယှဉ်ပြိုင်လျှောက်ထား အရွေးခံမည့်သူသုံးဦး ပေါ်ပေါက်နေပါသည်။


မောင်ပြုံးချိုက သူ့သူကြီးမင်းကို ဤသို့မေး၏။


" ဘယ်နှယ့်လဲ သူကြီးမင်း၊ဟန်ပါ့မလား"


"ဟဲ ဟဲ ဟဲ ဟန်ရမပေါ့မြို့အုပ်မင်းရာ"


သူပြောလို့သာကြားလိုက်ရသည်။ မောင်ပြုံးချိုကတော့ ဘယ်နည်း နဲ့မှ သူရမည်မထင်။


နောက်သုံးရက်ကြာသော အခါ သူနှင့် ယှဉ်ပြိုင် အရွေးခံမည့်သူသုံးဦး အနက်မှ တစ်ဦးဖြစ်သူ ဦးဖိုးထောင်သည် အရွေးမခံတော့ပါဆို၍ သူ့လျှောက်လွှာကို ပြန်လည်ရုပ်သိမ်းသွားလေသည်။


ဦးဘချစ် ဘယ်လို ခြေထိုးလိုက်သည် မသိ။ သူနှင့် ယှဉ်ပြိုင်အရွေးခံရန် ဦးသာထွန်းနှင့် ကိုဖိုးမြစ်နှစ်ဦးသာ ကျန်တော့သည်။ ဦးသာထွန်းနှင့် ကိုဖိုးမြစ်တို့လည်း တလှုပ်လှုပ် တရွရွ ဖြစ်ကာ မြို့မှ မိမိတို့ အဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြား၍ ရွာထဲတွင် တရားပွဲများ ကျင်းပလျက် ရှိလေသည်။ "သူကြီးဟာကျုပ်တို့ကို အုပ်ချုပ်လာတာ ဆယ်ငါးနှစ်ရှိပြီ။ ဘာတစ်ခုမှ ကောင်းတာ မလုပ်ခဲ့ဘူး။ဗြူလိုကလား နက်တွေနဲ့ ပေါင်းပြီး မဟုတ်တာချည်း လုပ်တယ်။ ဟိုတစ်နှစ်က အမတော်ကြေး ထုတ်တုန်းကလည်း ကျုပ်တို့ဆီက တစ်ယောက်တစ်မတ် တောင်းတယ်။ ဘာကောင်းသလဲ။ အုပ်ချုပ်မှုလည်း သိပ်ညံ့ဖျင်း တာပဲ။ ရွာထဲမယ် နွားခိုးတွေ၊အရက်သမား တွေ၊ ဘိန်းပုန်းစားတွေ သိပ်ပေါတယ်။ ဒီရွာဟာ နာမယ် ပျက်နေတယ်။ အခုဖြစ်နေတာက ဒီရွာသားဆိုရင် ဘယ်သူကမှလူကောင်းလို့ မထင်ဘူး ။ လူဆိုးနဲ့ သူခိုးချည်း ထင်တာပဲ။ ဒါကြောင့် သည်လိုမသမာမှုတွေကို ပပျောက်အောင် လူထု သူကြီးတင်ပြီး လုပ်ရမယ်။"


ဦးသာထွန်း ဘက်မှလူတွေက ဟောကြပြောကြ၏ ။ ကိုဖိုးမြစ် ဘက်ကလူများကလည်း ဤ နည်းဖြင့် သူကြီးကို ရှုတ်ချ၍ ပြောဟာက မဲဆွယ် ကြလေသည်။ သူကြီးမင်း ဦးဘချစ်ကား အပြုံးပင် မပျက်။ လသာသော ညတစ်ညတွင် သူကြီးမင်းက အရပ်ထဲမှ သြဇာတိက္ကမ ရှိသူများကိုသူ့အိမ်သို့ ဖိတ်ကြားထားလေသည်။ ရွာဦး ဘုန်တော်ကြီး ကျောင်းမှ ဝတ်တတ်ကြေး စည်းသံကို နာခံရင်း လူကြီးမင်း များ သူကြီးမင်းထံသို့ ရောက်လာကြလေသည်။ သူကြီးမင်းသည် သူ၏ ခြံဝင်းအတွင်း ရှိမြေကွက်လပ်တွင် ခုံတန်းရှည်များ၊ ကုလားထိုင်များကို ချထာလေသည်။ လူပေါင်းငါးဆယ်ခန့် ဖိတ်မန ္တက ပြုထားလေရာ လူစုံလျှင် ပေါင်းမှ ချခါစ အရက်ဖြူကို လက်ဖက်ရည် ပန်းကန်လုံးများတွင် ထည့်၍ တစ်လှည့် စီလိုက်ပေးလေသည်။ သူကြီးမင်း၏သား အာလူးသည် သည်နေရာတွင် အတော်ဖျတ်လတ်သည်။ ဖခင်၏ အဖော်အားကို ရာဖြစ်၏ ။


လမင်းသည် ထိန်ထိန်ပနေလေသည်။ လရောင်ထိုးနေသော သူကြီးမင်း၏ အိမ်မှ သွပ်မိုးကို အဝေးမှပင်အထင်သား မြင်နေရသည်။ ဧည့်ပရိတ်သတ်များသည် အရက်ဖြူ တစ်ပန်းကန်လောက် ဝင်မိလျှင်လျှာသွက်အာသွက် ဖြစ်လာကြ လေသည်။ သည်အချိန်တွင် သူကြီးသား အာလူးက ပန်းကန်ပြားကြီးနှင့် အမဲသား နှပ်တွေကို ယူလာပြန်သည်။


" ကဲ ကဲ စားကြဗျ၊ အမဲသားနုနုလေး နှပ်ထားတာဗျ "


ဧည့်သည် အပေါင်းတို့သည်လည်း အားနာသော အားဖြင့် အတုံးခပ်ကြီးကြီးများကို ရွေးကာ သုံးဆောင်ကြကုန်သည်။


" ဟေမောင်ဘချစ်တဲ့၊ မင်းအမဲနှပ်က ကောင်းသဟေ့"


နှုတ်ခမ်းမွေးဖြူဖြူကြီးနှင့် အဘိုးကြီးတစ်ယောက်က ဆို၏ ။


" လတ်လတ်ဆက်ဆက်ကိုဘကြီးအောင်ရဲ့"


" အေး ဒါတော့ ဟုတ်ပါရဲ့၊ မင်းဟာ က တစ်ခွက်တည်းနဲ့ ပြီးရတော့မှာလား။ အာတောင် မစွတ်ဘူး"


" ရပါတယ် ၊ ရပါတယ် ၊လိုသလောက် ရပါတယ်၊ သုံးပေါင်းတောင် တည်ထားတာ။ ဒါနဲ့မှ မလောက်ရင် ဆယ်အိမ်ခေါင်းအိမ်က ယူပေးပါမယ်။


"အေးကွယ်၊ ဒီလို အခါတော့ ငါ့သားလေးအောက်မေ့သကွယ်" လောကနီတိ အဆိုအားဖြင့် အရသာ နှင့်ပြည်စုံသော အာဟာရကို သုံးဆောင်ရသော အခါ ချစ်ခင်ရင်းနှီး သူကိုသတိရမြဲတည်း။


"လွတ်လုပါပြီ ။ ရှေ့လမယ် ထင်တယ်"


" အဲဒါ သာထွန်းတို့လက်ချက်ပေါ့၊ ကျွန်တော်က မသိချင်ယောင် ဆောင်နေတာ ။ဒီကောင်က သွားတို့တာ၊ ခိုးတဲ့နွားရော တစ်ခါတည်း မိတော့ မကယ်နိုင်တော့ဘူး၊" သူကြီးက ခြေတစ်ချောင်းထိုးလိုက်လေသည်။


"အေးပေါ့ကွ၊ ဒါတောင်ဒီကောင်က သူကြီးလုပ်ဦးမတဲ့။ ဟင် ခွေးမသား။ ငါ့သား ထောင်ချတဲ့ကောင်"


အဘိုးကြီးသည် အရက်တစ်ခွက်ကိုမော့ချလိုက်ပြီးလျှင် တံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ အမဲသားတုံးကို ကိုက်လိုက်လေသည်။


" ဟုတ်တယ်၊ ဒီကောင်သာသူကြီးဖြစ်ရင် ကျုပ်တို့ ဒုက္ခပဲ၊ ကျုပ်တို့ ဒီရွာမှာတောင် နေနိုင်မှာ မဟုတ်ဘူး"


မကြာသေမီက အရက်ချက်မှုနှင့် ထောင်ကျပြီးလွတ်လာသူ ဖိုးထူးက အရက်သံနှင့် ပြောပြန်လေသည်။ သည် အချိန်တွင် အခါခွင့်ကိုစောင့်မျှော်လျက် ရှိသော သူကြီးမင်းက စကားစလေတော့သည်။


" အခု ကျွန်တော်ခေါ်ပြီး ကျွေးမွေးတာက သူကြီးကိစ ္စနှင့် ဘာမှ မဆိုင်ဘူးဗျ။ သက်သက်မဲ့ အလှုလုပ်တာ။ သူကြီး ကိစ္စတော့ ခင်ဗျားတို့စလာလို့သာ ပြောရဦးမယ်"


ဤသို့ နိဒါန်းသွယ်ကာ ရပ်လိုက်ပြန်သည်။


လူတွေက ငြိမ်းပြီး နားထောင်နေလေရာ တစ်ခါတစ်ရံ တံတွေးထွေးသံနှင့် လေချဉ်တက်သံ များကို သာကြားရသည်။ သူကြီးမင်းစကား ဆက်ပြန်လေသည်။ "ကျွန်တော် အခြေအနေလည်း ခင်ဗျားတို့ အတွက် လုပ်နေတာပါ။ ခင်ဗျားတို့ အပေါ်များ ကျွန်တော် မတရားတာ ဘာလုပ်ဖူးလို့တုံး။ ကဲ ပြောကြစမ်းပါ"


မည်သူမျှ မဖြေကြချေ။ သူကြီးက စကားဆက်ပြန်လေသည်။


" သူတို့က ဟိုအမတော်ကြေး ထုတ်တုန်းက တစ်မတ်စီတောင်းတာပြောနေတယ်။ အဲဒါ မြို့အုပ်က တောင်းခိုင်းလို့ တောင်းရတာဗျ။ ကျွန်တော် ရတာမဟုတ်ဘူး ။ ပြီးတော့ ကျွန်တော့ကိုအုပ်ချုပ်မှု မကောင်းဘူးတဲ့။ ဒီရွာမယ် အရက်ချက်တဲ့ လူတွေပေါတယ် ၊ နွားသတ်တဲ့ လူတွေပေါသတဲ့။ ဘုရားဒကာ တွေကလေ။ ကျွန်တော့ ထွက်ပေးလိုက်ပါမယ်။ သူတို့ဒါလောက်တောင် သူကြီးလုပ်ချင်ရင် လုပ်ကြစမ်းပါစေ"


လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားလေသည် ။ တံတွေးထွေးသံ ၊ အာမေဋိတ်သံတွေ ထွက်ပေါ်လာလေသည်။


" ဟာ မထွက်ပါနဲ့"


"ထွက်သွားလို့ဘာဖြစ်မလဲ"


"ဟိုကောင်တွေနဲ့ကျုပ်တို့နဲ့ မဖြစ်ပါဘူး" ဟူသော အသံများ ထွက်ပေါ်လာရာ ဦးဘချစ်သည် အတော် ပီတိသောမနဿဖြစ်သွားလေသည်။ သို့သော် ငြားလည်း သူက ထပ်၍ မှုလိုက်ပြန်သည်။ " မဟုတ်ဘူး။ ကျွန်တော့ရွာသားတွေကကျွန်တော့ကို မလိုချင်ဘူးဆိုရင် ထွက်ရုံပေါ့။ လုပ်ချင်တဲ့လူ တက်လုပ်ပါစေ။ ကျွန်တော် ဒီသူကြီး အလုပ်ကို မမက်မောပါဘူး"


အဘိုးကြီးသည် ဒယီးဒယိုင် နှင့် လက်တစ်ဖက်မှာ အမဲသားတုံး၊အခြားလက်တစ်ဖက်မှ အရက်ပန်းကန် ကို ကိုင်ကာ နေရာမှ ထလေသည်။ ပေါတယ်။ ဒါကြောင့် မတတ်သာလို့ အရက်ချက် ရောင်းကြရတယ်" လူ တစ်ယောက်က လျှာလေးလေးနှင့် ပြောလေသည်။


" ကျွန်တော် ဘယ်တော့ဖမ်းဖူးသလဲ" သူကြီးမင်းက ဂုဏ်ဖော်လိုက်သည်။


"ဟုတ်တယ်၊ သူကြီးမင်းဆီတစ်လုံး ပို့လိုက်ရင် ပြီးတာပဲ" အသံတစ်သံ ထွက်လာလေသည်။


" ဟုတ်တယ်၊ ကျွန်တော်ကလည်း ကြိုက်တတ်သကိုး ဟဲဟဲ၊ ပြီးတော့ နွားသတ်တယ်။ ကျွန်တော် ဘာလုပ်ဖူးသလဲ"


"သူကြီးမင်းဆီ အူစုံသည်းစုံ ပို့လိုက်ရင်ကိစ္စပြီးတာပါပဲ"


"ဟဲ ဟဲ ကျွန်တော် ကလည်း ကြိုက်တတ်သကိုး"


သူကြီးကိုယ်တိုင် အတန်ထွေနေသည့် အထဲ တစ်ခွက်မော့လိုက်ပြန်သည်။ အမဲသားတုံးကို ခဲလိုက်ပြန်သည်။နောက် စကားဆက်ပြန်သည်။ " အဲဒီတော့ ကိုယ့်သူကြီးနဲ့ ကိုယ်ရွာသား ဘယ်လောက် ဟန်သလဲ။ ဖိုးဗြူလား ဓားပြတိုက်တုန်းကလည်း ပုလိပ်မမိအောင် ကျွန်တော်ကိုယ်တိုင် ဝှက်ထားတယ် မဟုတ်လား။ဒီထက်တော့ ကျွန်တော် ခင်ဗျား တို့အတွက် မလုပ်နိုင်တော့ဘူး၊။ ဒါလောက်တောင် ခင်ဗျားတို့ အတွက် ဆောင်ရွက်နေတဲ့ အထဲ ကျွန်တော့ကို မကြိုက်ဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပေါ့"


" ဟိုး ဟိုး ၊ ဟေ့မောင်ဘချစ် ၊ မင်းကို ဘယ်သူက မကြိုက်ဘူးပြောသတုံး။ မကြိုက်ဘူးပြောတဲ့ ကောင် ငါနွားသတ်တဲ့ ဓားနဲ့ ခုတ်မယ်" အဘိုးကြီး တစ်ယောက်က ထ၍ ဆူပြန်သည်။


"ကဲ ဦးလေးဘချစ်"


လူငယ် တစ်ယောက်က ထ၍ပြောသည်။


"ဦးလေးဟာ ကျွန်တော်တို့ ကျေးဇူးရှင်ကြီးပဲ။ အရက်ချက်လည်းမဖမ်းဘူး။ နွားခိုးလည်း မမြင်ချင်ယောင်ဆောင်တယ်။ ဓားပြတွေလည်း ဝှက်ပေးတယ်။ နည်းနည်းပါးပါးဝေစုပေးရတာ ဘာအရေးကြီးလဲဗျာနော်။ အမတော်တို့၊ အခွန်တော်တို့၊လည်း ဘယ်တော့မှ အတင်းအကျပ် မတောင်းဖူးဘူး။ဦးလေးဘချစ်ဟာ ကျွန်တော်တို့ လူထု အကျိုးကို အကြည့်ဆုံးပဲ။ ဒါကြောင့် ဦးလေးဘချစ်ပြန်အရွေးခံပါ။ ကျွန်တော်ရအောင် ဆောင်ရွက် ပေးပါမယ်"


ထိုစကားကို ကြားသော အရက်ချက်သမားလူထု ၊ နွားခိုးလူထု နှင့်ဓားပြ လူထုက သာဓု သုံးကြိမ်ခေါ်ကြကုန်သည်။ကောင်းချီသြဘာ ပေးကြသည် ။ အနုမောဒနာ ပြုကြကုန်သည်။


" ကဲ ဒီလိုဆိုရင် အများက တောင်ပန်းလည်း လုပ်ရတာပေါ့" ဟု ဦးဘချစ်က အာမဝန်တာ ခံလိုက်ရလေသည်။မဲရွေးပွဲနေ့တွင် ဦးသာထွန်နှင့် မောင်ဖိုးမြစ်တို့မှ မြို့က အဖွဲ့အသီးသီး ကိုယ်စားလှယ် များရောက်လာ၍ပါးစပ်ပြဲအောင် အော်ကာဟစ်ကာ တရားဟောကာ အားပေးနေကြသော်လည်း မဲရေတွက်လိုက်သောအခါဦးဘချစ် အများဆုံး ရရှိနေသည်ကို တွေ့ရလေသည်။


ထို့ကြောင့် ဦးဘချစ်သည် လူထု သူကြီး ဖြစ်ရပြန်လေသည်။


(ဂျာနယ်ကျော်၁၉၄၇ ဒီဇင်ဘာ ၁)

Most Viewed